လေးမျက်နှာ၊အောက်စုရွာက ဓမ္မိကာရုံကျောင်းဆရာတော်ကို စစ်တပ်ကလူဝတ်လဲ ကြိုးတုပ်ဖမ်းဆီး


“ဆရာတော်ကို မချိတင်ကဲ နှိပ်စက်ကြတော့မှာ ၊ အသက်အန္တရာယ်အထိ လုပ်ပစ်ကြတော့မှာ ၊ နောက်မှာ လိုက်ပေးမဲ့ မိသားစုကလည်း နီးနီးနားနား မရှိဘူး ၊ ရွာခံဒကာဒကာမတွေကလည်း လိုက်ရဲကြမှာ မဟုတ်ဘူးလို့” မြို့ပေါ်မှာ စစ်ရှောင်နေတဲ့ ဆရာတော်ရဲ့ ဒကာမတဦးက DNA ကို ပြောပါတယ်။

၆၊ဩဂုတ်လ။

ဧရာဝတီတိုင်း၊ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ် အောက်စုကျေးရွာမှာရှိတဲ့ ဓမ္မိကာရုံကျောင်းဆရာတော် ဦးသုမနကို စစ်တပ်က ဩဂုတ်လ ၂ ရက်နေ့မှာ လူဝတ်လဲ ကြိုးတုပ်ဖမ်းဆီးသွားခဲ့တယ်လို့ လေးမျက်နှာဒေသခံတွေက DNA ကိုပြောပါတယ်။

“ဆရာတော်ကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းသွားတယ်။ သင်္ဃန်းလည်း ချွတ်ရတယ်။ဖုန်းထဲမှာ နိုင်ငံရေးနဲ့ ဆိုင်တာတွေ တွေ့တယ်လို့တော့ ကြားတာပဲ”လို့ ဆရာတော်ရဲ့ ဒကာတဦးက ပြောပါတယ်။

ဆရာတော်ကို အဓိက ဖမ်းဆီးရတဲ့ အကြောင်းက စစ်တပ်ထောက်ခံတဲ့ ယင်းဆယ်အုပ်ချုပ်ရေးမှူး အမျိုးတွေဟာ ဆရာတော်ကျောင်းအနီးမှာ ရှိနေကြပြီး သူတို့ရဲ့ သတင်းပေးမှုကြောင့် အခုလို ဖမ်းဆီးခံရတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ကြပါတယ်။

အဲဒီမတိုင်မီက စစ်တပ်က ရွာကိုလာပြီး ရွာသားတွေရဲ့ ဖုန်းတွေကို စစ်ဆေးနိုင်ကြောင်း ၊ အဲဒီအတွက် ဖုန်းတွေကို သူ့ဆီလာအပ်ထားဖို့ မိန့်ကြားကြောင်း သိရပါတယ်။ အဲဒီလို မိန့်ကြားတာကို ရွာထဲမှာ ရှိတဲ့ စစ်တပ်ထောက်ခံသူတွေက သတင်းပေးတိုင်ကြားတဲ့အတွက် ဇူလိုင်လကုန် ( ၂၇ ရက်ခန့်က တကြိမ်) ခေါ်စစ်ဆေးခဲ့ပြီး ဒုတိယတကြိမ် ဩဂုတ်လ ၂ ရက်နေ့မှာ အခုလို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဆရာတော် ဦးသုမနကို ဘယ်မှာဖမ်းဆီးစစ်ဆေးနေတယ်ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

“ဆရာတော်ကို မချိတင်ကဲ နှိပ်စက်ကြတော့မှာ ၊ အသက်အန္တရာယ်အထိ လုပ်ပစ်ကြတော့မှာ ၊ နောက်မှာ လိုက်ပေးမဲ့ မိသားစုကလည်း နီးနီးနားနား မရှိဘူး ၊ ရွာခံဒကာဒကာမတွေကလည်း လိုက်ရဲကြမှာ မဟုတ်ဘူးလို့” မြို့ပေါ်မှာ စစ်ရှောင်နေတဲ့ ဆရာတော်ရဲ့ ဒကာမတဦးက DNA ကို ပြောပါတယ်။

ဆရာတော်ဦးသုမနဟာ လေးမျက်နှာ ဇာတိမဟုတ်ပဲ ရေးမြို့ဇာတိဖြစ်ပြီး တိုင်းရင်းသားဖြစ်တဲ့အတွက် စကားပြောရာမှာ အနည်းငယ်ဝဲတယ်လို့ သိရပါတယ်။ ဆရာတော်သက်တော် ၄၅ ဝန်းကျင်သာရှိပြီး စိတ်သဘောထားကောင်းမွန်ကာ ကျောင်းတိုက်ကိုလည်း သန့်သန့်ရှင်းရှင်း စည်းစနစ်တကျ ထားသလို အခုလို စစ်ပွဲတွေ ဖြစ်ပွားချိန်မှာလည်း ရခိုင်ရိုးမတောင်ခြေဘက်က စစ်ဘေးရှောင်လာတဲ့ ရွာသားတွေကို ကျောင်းတိုက်အတွင်း လက်ခံ စောင့်ရှောက်ပေးထားသူလို့ သိရပါတယ်။

လေးမျက်နှာမြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း စစ်တပ်က စစ်အင်အားဖြည့်နေပြီး အောက်စုရွာ အနီးက လှော်ကထမှာ စစ်သားတရာနီးပါး ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်သားအစစ်က ဆယ့်ငါးယောက်လောက်ပဲ ပါတာ။ကျန်တာက ရွာတွေက စုခေါ်ထားတဲ့ ပြည်သူ့စစ်တွေ ။ အများစုက ယင်းဆယ်ရွာသားတွေ”လို့ ဒေသခံတဦးက ပြောပါတယ်။

မိုးတွင်းကာလဖြစ်တဲ့အတွက် ငဝန်မြစ်ရေတိုးနေကာ ဒေသခံတွေဟာ ကုန်းလမ်းထက် ရေလမ်းကိုသာ အားကိုးသွားလာနေကြရပါတယ်။ ဒါပေမယ့် စစ်တပ်က ဒေသခံတွေရဲ့ လှေတွေကို တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ထောက်ပို့ရာမှာ အသုံးပြုမှာစိုးရိမ်အတွက် စက်တပ်ခွင့်မပေးတာ ၊ စက်တပ်သွားလာတာတွေ့ရင် စက်တွေကို ဖြုတ်သိမ်းပြီး လူတွေကို ဖမ်းဆီးတာ ပြုလုပ်နေပါတယ်။

#ဧရာဝတီတိုင်း #လေးမျက်နှာ #အောက်စုကျေးရွာ #ဦးသုမန #စစ်တပ်ဖမ်းဆီး#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH