ဧရာဝတီတိုင်းထဲကို ပြည်တွင်းစစ်မီးက ကူးလာနေပြီး ပဲအများဆုံးစိုက်တဲ့ ဒေသတွေက ရခိုင်ပြည်န ယ် နဲ့ ဧရာဝတီတိုင်း ထိစပ်တဲ့နေရာမှာရှိနေတာ။
၃၁၊ဇူလိုင်လ။
ဧရာဝတီတိုင်းမှာ ပုသိမ်၊ကျောင်းကုန်းနဲ့ ကျုံပျော် မြို့တွေရဲ့ ပဲမျိုးစုံရောင်းဝယ်ရေးဈေးကွက်မှာ စားတော်ပဲ (ပဲပြုတ်ပဲ) ရောင်းဝယ်ဈေးနှုန်းဟာ စံချိန်တင်မြင့်တက် နေပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့ စားတော်ပဲ(ပဲပြုတ်) ဆယ်ပြည် ဈေးနှုန်းမှာ ခွန်နှစ်သောင်း ငါးထောင်ကျပ် ဖြစ်နေပြီး ၂၀၂၄ ခုနှစ် မေလ နဲ့ ဇွန်လ အတွင်းကနေ တဖြေးဖြေးမြင့် တက်လာရာက ဇူလိုင်လကုန်ခါနီးမှာ ဈေးနှုန်းက ခေါက်ချိုးနီးပါး ဈေးမြင့်သွားတာပါ။
“ဧရာဝတီတိုင်းထဲကို ပြည်တွင်းစစ်မီးက ကူးလာနေပြီး ပဲအများဆုံးစိုက်တဲ့ ဒေသတွေက ရခိုင်ပြည်န ယ် နဲ့ ဧရာဝတီတိုင်း ထိစပ်တဲ့နေရာမှာရှိနေတာ။ ပဲစိုက်တောင်သူတွေ အလုပ်ဘယ်လို လုပ်နိုင်မှာလဲ ။ အခုလည်း ပဲထွက်နှုန်းကောင်းတဲ့ အဲဒီဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပြီး လေတပ်က ဗုံးတွေ ကျဲနေတယ်ဆိုတော့ ရှေ့နှစ်တွေထဲမှာလည်း ဈေးတက်အုန်းမှာပဲ။ စံချိန်တင်ဈေးတက်တာ တခါမှ ဒီလိုမဖြစ်ခဲ့ဘူး” လို့ စားတော်ပဲ လက်လီလက်ကားရောင်း ချသူတဦးက DNA ကိုပြောပါတယ်။
ပဲစိုက်ဒေသက တောင်သူအချို့ ပြည်တွင်း စစ်ဘေးနဲ့ ပြည်သူစစ်မှုထမ်းဥပဒေကြာင့် ဒေသစွန့်ခွာရှောင် တိမ်းသွားကြတဲ့အတွက် ပဲစိုက်ပျိုးသူ နည်းပါးသွားပြီး မတ်လ နဲ့ ဧပြီလအတွင်းက စားတော်ပဲပေါ်ချိန်မှာ အထွက်နည်းခဲ့တဲ့အပြင် အခုအချိန်ဟာ ဒေသတွင်းမှာ စားတော်ပဲပေါ် ချိန်မဟုတ်သေးတာတွေကြောင့် ဈေးနှုန်းအလွန်အကျွံမြင့်တက် သွားရတာလို့ ဆိုပါတယ်။
ဝယ်လိုအားများပြီး ထုတ်လုပ်အား နည်းတဲ့အတွက် စားတော်ပဲ သိုလှောင်ထားသူနဲ့ လက်ဝယ် ရှိနေတဲ့ တောင်သူအနည်းငယ်က ကြိုက်ဈေးခေါ် ဈေးတင် ရောင်းချလာတဲ့အတွက်ကြောင့်လည်း အဆမတန် ဈေးမြင့်လာတာလို့လည်း သုံးသပ်ကြပါတယ်။
အရင်ကာလက ဧရာဝတီတိုင်းအတွင်း စားတော်ပဲ လိုအပ်ချက် ဖြစ်ပေါ်လာပါက မကွေး၊ ရေနံချောင်း ဘက်က စားတော်ပဲတွေ တင်သွင်းတတ်ပေမယ့် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း အဲဒီဒေသတွေမှာလည်း နိုင်ငံရေး၊ စစ်ရေး ၊ မတည်ငြိမ်တာကြောင့်လည်း ဧရာဝတီတိုင်းရဲ့ စားတော်ပဲ လိုအပ် ချက်ကို မဖြည့်ဆည်းနိုင် ဖြစ်နေတာပါ။
“အထက်ဘက် (မကွေး၊ ရေနံချောင်း နဲ့ တရုတ်နိုင် ငံ )က စားတော်ပဲတွေက အချို နဲ့ အစိမ့်ဓါတ်နည်း တော့ စားသုံးသူတွေ မကြိုက်ဘူး ၊ရေစိမ်တဲ့အခါမှာလည်း အပင်မပွားတဲ့အတွက်ကြောင့် ပဲပြုတ်ပြုတ် ရောင်းတာမှာ တွက်ခြေမကိုက် လို့ဈေးတင် ရောင်းရတော့ ဝယ်စားတဲ့သူ နည်းလာတယ်” လို့ စားတော်ပြုတ် ခေါင်းရွက်ဗျတ်ထိုး လှည့်လည်ရောင်းချသူက ပြောပါတယ်။
စားတော်ပဲ လက်လီရောင်းဈေးမှာ တပိဿ
ရှစ်ထောင်ကျော် ရှိလာတဲ့အတွက် စားတော်ပြုတ် ရောင်းဈေးကလည်း နို့ဆီတဗူးကို အရင်က ခွန်နှစ်ရာကျပ် ရောင်းချရာကနေ တထောင့်လေးရာကျပ် ရောင်းချလာကြပါတယ်။
လက်လီလက်ကား ရောင်းဈေေတွေ မြင့်တက်လာတာကြောင့် စားတော်ပဲပြုတ် ရောင်းသူတို့ အရင်း အနှီး ပိုလာပြီး တနေ့တာရင်းနှီးဖို့ ငွေလိုအပ်တဲ့အတွက် နေ့ပြန်တိုးယူပြီး အရင်းအနှီးလုပ်ရောင်းချ လာကြပေမယ့် စားသုံးသူနည်းပါးလာတာကြောင့် ကုန်ရှုံးကြွေးတင် ဖြစ်လာတယ်လို့ ဆိုပါတယ်။
စားတော်ပဲဟာ ပြည်ပပို့ကုန် ပဲအမျိုးအစား မဟုတ် ပေမယ့် မြန်မာပြည် အနှံအပြား လူတန်းစားမရွေး စားသုံးကြပြီး အရင်က ဧရာဝတီတိုင်းအတွင်းကထွက်တဲ့ စားတော်ပဲတွေ မြန်မာပြည်အနှံ့ တင်ပို့ရောင်းချတာမှာ လုံလောက်မှုရှိခဲ့ပါတယ်။
စားတော်ပဲကို အထက်၊အညာဒေသနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေမှာ စိုက်ပျိုးကြပြီး မကွေး ၊ရေနံချောင်း ၊ ရေကြည်၊ ငသိုင်းချောင်း ၊ လေး မျက်နှာ၊ ကျုံပျော်၊ ကျောင်းကုန်း၊ နဲ့ သာပေါင်း မြို့နယ်တွေအတွင်းမှာ အများဆုံးစိုက်ပျိုးကြပါ
တယ်။