မလေးရှားမှာ ကိုးလကျော်ကြာ ထိန်းသိမ်းခံနေရတဲ့ လေးမျက်နှာနယ်သားတဦး မိသားစုနဲ့ အဆက်အသွယ်ရဖို့ လိုနေ

စစ်တပ်က သူတို့စွန့်လွှတ်လိုက်ရတဲ့ ဒေသတွေကို ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားသလို တဖက်မှာ အဲဒီဒေသကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်ကလည်း လုံခြုံရေးအကြောင်းပြချက်နဲ့ ရွာသားတွေရဲ့ ဖုန်းတွေကို သိမ်းထားတဲ့အတွက် အဆက်အသွယ်ရဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

၃၁၊ ဇူလိုင်လ။

လေးမျက်နှာမြို့နယ် မှန်စီရွာသား ကိုအောင်သူစိုး(ခ)နိုးတူး ဟာ မလေးရှားနိုင်ငံမှာ ထိန်းသိမ်းခံထားရပြီး တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသက မိသားစုနဲ့ အဆက်သွယ်မရရှိသေးတာကြောင့် ထိန်းသိမ်းရေးစခန်းကနေ ၉ လကျော် ကြာတဲ့အထိ ထွက်ခွင့်မရသေးပါဘူး။

“ သူက အဓိက မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားတခုခုပြနိုင်ဖို့ လိုနေတာပါ။ မှတ်ပုံတင်ဖြစ်ဖြစ် သန်းခေါင်စာရင်းဖြစ်ဖြစ်ပေါ့။ ခုက မိသားစုနဲ့ အဆက်သွယ် မရတော့ အဲ့ဒါကဘယ်လိုမှ မရဘူးဖြစ်နေတာ ” လို့ သူနဲ့ ထိန်းသိမ်းရေး စခန်းမှာ တွေ့ဆုံခဲ့သူ တဦးက ဆိုပါတယ်။

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ကွင်းကြီးအုပ်စု၊ မှန်စီကျေးရွာနေ ဖခင် ဦးလှစိုးနဲ့ မိခင် ဒေါ်ဌေးဝင်း(ကွယ်လွန်)တို့ရဲ့ သားဖြစ်သူ ကိုအောင်သူစိုး(ခ) နိုးတူးဟာ ၂၀၂၄ နိုဝင်ဘာလ ကတည်းက မလေးရှားနိုင်ငံ၊ လန်ကတ်မြို့၊ လန်ကတ်ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

“ ဒီနှစ်ဆန်းကတည်းက (သူနဲ့တွေ့ဆုံချိန်) ဆိုတော့ သူ့ရွာမှာ တိုက်ပွဲတွေဖြစ်နေတာကိုလည်း သူမသိဘူး။ ကျွန်တော်နဲ့ အဆက်သွယ်ရပြီး လိုက်ဆက်သွယ်တာတွေ လုပ်တော့မှ သူသိတာ ” လို့ သူ့ကိုကူညီပေးနေသူက ရှင်းပြပါတယ်။

မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် (စီအိုင်) ရဖို့အတွက် အထောက်အထား တခုခုပြဖို့လိုပြီး စစ်‌ရှောင်နေရတဲ့ မိသားစုတွေနဲ့ အဆက်သွယ်မရရှိတာကြောင့် သံရုံးကတဆင့် သက်ဆိုင်ရာ မြို့နယ် လ.ဝ.က ရုံးမှာ ငယ်စာရင်းပြန်တောင်းပြီး မှတ်ပုံတင်ထုတ်လို့ရပေမယ့် သံရုံးက ကူညီပေးတာမျိုး အခုထိ မရှိဘူးလို့ သိရပါတယ်။

ထိန်းသိမ်းရေးစခန်းမှာ နေခဲ့ဖူးသူကတော့ “ သံရုံးက ဘာမှလုပ်ပေးတာ မဟုတ်ဘူး။ သူဆိုရင်(ကိုအောင်သူစိုး) သံရုံးနဲ့ ၃ ခါလောက် တွေ့ပြီးပြီ။ စီအိုင်ရရင် လေယာဉ်လက်မှတ်အတွက်က ဘာမှပူစရာမလိုဘူး ” လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံက နိုင်ငံခြားသားတွေအတွက် ထိန်းသိမ်းရေးစခန်းဆိုတာဟာ UN ရဲ့ ထောက်ပံ့မှုနဲ့ လည်ပတ်နေတာဖြစ်ပြီး ထိန်းသိမ်းခံရသူတွေကို အစားအသောက်ကျွေးထားပေမယ့် အခြားသော အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးရတဲ့ နေရာတခုဖြစ်ပါတယ်။

ဒီစခန်းတွေထဲမှာ မြန်မာနိုင်ငံသားတွေ ရာနဲ့ချီရှိနေပြီး မိသားစုနဲ့ အဆက်သွယ်မရလို့ ပြန်မထွက်နိုင်ပဲ နှစ်နဲ့ချီနေထိုင်နေရတဲ့ မြန်မာနိုင်ငံသားတွေလည်း အများကြီးရှိနေတယ်လို့ သိရပါတယ်။

စစ်တပ်က သူတို့စွန့်လွှတ်လိုက်ရတဲ့ ဒေသတွေကို ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားသလို တဖက်မှာ အဲဒီဒေသကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်ကလည်း လုံခြုံရေးအကြောင်းပြချက်နဲ့ ရွာသားတွေရဲ့ ဖုန်းတွေကို သိမ်းထားတဲ့အတွက် အဆက်အသွယ်ရဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

ယခင်သတင်း

https://www.facebook.com/share/p/1C795DPTGt/