ပေါက်တန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းထွန်းနိုင် ရဲ့လက်အောက်မှာ ကျေးရွာ ၅ ရွာရှိပြီး အဲ့ဒီကျေးရွာအုပ်စုထဲပါမှာ ပါဝင်တဲ့ တောင်စုကျေးရွာ အုပ်ချုပ်ရေးမှုးသန်းဌေး တို့ပူးပေါင်းပြီး အခုလို ခြိမ်းခြောက်ငွေတောင်းနေတာဖြစ်တယ်လို့ သိရပါတယ်။
၁၅၊ဇူလိုင်လ။
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ထဲက ပေါက်တန်းကြီးကျေးရွာနဲ့ တောင်စုကျေးရွာတို့က အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းထောက်ပံ့ငွေပေးဖို့ ခြိမ်းခြောက်ပြီးအတင်းအကြပ်ငွေကောက်ခံ နေတဲ့ အစည်းဝေးမှတ်တမ်းတခုကို DNA ကရရှိထားပါတယ်။
ဒီမှတ်တမ်းဟာ ၁၇ မိနစ်ကျော် ကြာမြင့်ပြီး ပေါက် တန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဝင်းထွန်းနိုင်ရဲ့ ထပ်ခါ တလဲလဲ ခြိမ်းခြောက်မှုတွေကို ထင် ထင်ရှားရှားတွေ့မြင်ရပါတယ်။
စစ်မှုထမ်း အပတ်စဉ် ၁၅ ထိရှိလာနေချိန်မှာ စစ်မှု ထမ်းထောက်ပံ့ငွေပေးရတဲ့လက ၆ လရှိနေပြီဖြစ် ပြီး တလထက်တလငွေကြေးကောက်ခံနှုန်းမြင့်လာတဲ့အပြင် ငွေမပေးနိုင်တဲ့သူတွေကို စစ်မှုထမ်းမယ့် သူ ရွာမှာရှိမနေရင်တောင် ရှိတဲ့သူကို ဖမ်းခိုင်းမယ် ဆိုတာမျိုးတွေ ခြိမ်းခြောက်ပြီး ငွေတောင်းနေတာကြောင့် ဒေသခံတွေက မကျေမနပ် ဖြစ်နေကြပါတယ်။
“ သူတို့က လူမရှိရင်လည်း(စစ်မှုထမ်းအကျုံးဝင်သူ) အိမ်မှာရှိတဲ့သူကို ဖမ်းဖို့၊ ပြည်ပမှာ အလုပ်သွားလုပ်နေတယ်ဆိုရင်တောင် ပြန်လာခိုင်းဖို့ အထက် ကိုပြောလို့ရတယ် တိုင်လို့ရတယ်တွေလည်း ပြောတယ်။ သူတို့က အဓိက ငွေလိုချင်တာ။ ငွေရဖို့နည်းမျိုးစုံနဲ့ တောင်းနေတာလို့ထင်တယ်။ ဥပဒေကလည်း ဒီကောင်တွေ(အုပ်ကြီး)ကိုငွေရှာဖို့ဂွင်ဖန်ပေး
ထားတဲ့ သဘောဖြစ်နေတာကိုး ” လို့ ဟင်္သာတမြို့ပေါ်မှာနေထိုင်ပြီး လယ်သမားတွေနဲ့ ဆက်စပ်အလုပ်လုပ်ကိုင်နေသူ တဦးက ဆိုပါတယ်။
ပေါက်တန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းထွန်းနိုင် ရဲ့လက်အောက်မှာ ကျေးရွာ ၅ ရွာရှိပြီး အဲ့ဒီကျေးရွာအုပ်စုထဲပါမှာ ပါဝင်တဲ့ တောင်စုကျေးရွာ အုပ်ချုပ်ရေးမှုး သန်းဌေး တို့ပူးပေါင်းပြီး အခုလို ခြိမ်းခြောက်ငွေတောင်းနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် နိဗ္ဗာကျေးရွာရဲစခန်းကနေ လောင်းကစားဝိုင်းတွေကို ပေါ်ပေါ်တင်တင်လုပ်ခွင့်ပြုနေတယ်ဆိုတဲ့ တိုင်ကြားချက်တွေကြောင့် နယ်ပြောင်းခံလိုက်ရတဲ့ နယ်ထိန်း ကျော်ထက်အောင်ကို ခေါ်လာပြီး စစ် မှုထမ်းထောက် ပံ့ငွေမပေးတဲ့သူတွေကို ပါးရိုက်ခိုင်းမယ်ဆိုတာမျိုး အုပ်ချုပ်ရေးမှူး ဝင်းထွန်းနိုင်က သူ့လက်အောက်က ကျေးရွာတွေကို လူကိုယ်တိုင်သွားပြီး ပြောဆိုတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။
“ ဟိုကောင် ကျော်ထက်အောင် (နိဗ္ဗာန်ရဲစခန်းကနေ နယ်ပြောင်းခံလိုက်ရတဲ့ နယ်ထိန်း)ကိုခေါ်ပြီး ပါး ရိုက်ခိုင်းမယ်ဆိုတာတွေ လာပြောတာ။ တခြားသူကိုပြောခိုင်းတာ မဟုတ်ဘူးနော် သူတို့ကိုယ်တိုင် ရွာတွေကိုဆင်းပြီး လိုက်ပြောတာ။ တိုင်ချင်ရာတိုင် တိုင်လည်းမင်းတို့ပဲ ဒုက္ခရောက်မှာလို့လည်း ပြောတယ်။ ကျွန်တော်တို့က ပိုက်ဆံလည်းပေးရတယ် အဆဲလည်းခံရတယ်။ သည်းမခံနိုင်တော့ဘူး ” လို့ ပေါက်တန်းကြီးကျေးရွာအုပ်စု တောင်စုကျေးရွာမှာ နေထိုင်သူ တဦးက ဆိုပါတယ်။
အုပ်ချုပ်ရေးမှူးတွေနဲ့ ဆက်စပ်နေတဲ့အသိုင်းအဝိုင်းအတွင်းက လူတွေကအနေနဲ့ ဒီထောက်ပံ့ကြေးငွေကို ထည့်ရခြင်း ရှိ/မရှိကိုတော့ DNA အနေနဲ့အတည် ပြုနိုင်ခြင်း မရှိခဲ့ပေမယ့် သူတို့အသိုင်းအဝိုင်းထဲက စစ်မှုထမ်းစာရင်းမှာပါနေသူ တချို့တလေကတော့ စစ်မှုထမ်းဖို့ လိုလိုလားလား လက်ခံပါဝင်တာမျိုး ရှိတယ်လို့ သိရပါတယ်။