ကေတီဗွီ စားသောက်ဆိုင်မိန်းကလေးတွေကို စစ်မှုထမ်းရမယ် ဆိုကာ ခြိမ်းခြောက် ငွေညှစ်

“ ကေတီဗွီ စားသောက်ဆိုင်တွေက မိန်းကလေး အချို့ဟာ စစ်မှုမထမ်း ရလိုတာ၊အရာရှိတွေကို တပ်တွင်း မှာ ဧည့်ခံဖျော်ဖြေဖို့ လိုအပ်ပါက တပ်ထဲ သွားရောက်ရမှာကို မလိုလားတဲ့အတွက် အလုပ် နှုတ်ထွက်သွားကြသူတွေလည်းရှိတယ် လို့သိရပါတယ်။”

၁၄၊ဇူလိုင်။

ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ကေတီဗွီ စား သောက်ဆိုင် က မိန်းကလေးတွေကို စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်ပြောဆိုကာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ငွေညှစ်တောင်းယူနေပါတယ်။

စစ်ကောင်စီရဲ့ ပြည့်သူ့စစ်မှုထမ်းဉပဒေအရ တဆိုင်ကို မိန်းခလေးနှစ်ဦး စစ်မှုထမ်းရမှာဖြစ်ပြီး မထမ်းလိုပါက လူစားထိုးဖို့ နှစ်ဦးအတွက် ထောက်ပံ့စရိတ် ကျပ် ၁၀ သိန်းပေးရမယ်ဆိုကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့က တောင်းတာပါ။

ဆိုင်မန်နေဂျာတဦး က” ဆိုင်က မိန်းခလေးတွေ အားလုံးရဲ့ ဆက်ရှင်ကြေးတွေထဲက အချိုးကျဖြတ်ပြီး ပေးလိုက်ရတယ် မပေးလို့ကလည်း မဖြစ် ဘူး ပြဿာနာရှာမှာလေ၊ အုပ်ကြီးကပြောသေးတယ် အရာရှိတွေ ဧည့်ခံပွဲရှိရင် ကောင်မလေးတွေကို တပ်ထဲပို့ ပေးရမယ် စစ်မတိုက်ခိုင်းပေမယ့် သုံးလို့ရတဲ့ နေရာသုံးမယ်တဲ့” လို့ ပြောပါတယ်။

မြောင်းမြရှိ အချို့ကေတီဗွီ စားသောက်ဆိုင်တွေက မိန်းကလေးအချို့ဟာ စစ်မှုမထမ်းလိုတာ၊အရာရှိတွေကို တပ်တွင်းမှာ ဧည့်ခံဖျော်ဖြေဖို့ လိုအပ်ပါက တပ်ထဲ သွားရောက်ရမှာကို မလိုလားတဲ့အတွက် အလုပ်နှုတ်ထွက်သွားကြသူတွေရှိတယ် လို့ ဆက်သိရပါတယ်။

ဧရာဝတီတိုင်းအတွင်းက မြို့ကြီးတွေမှာ ရှိနေတဲ့ ကေတီဗွီ စားသောက်ဆိုင်တွေ အနေနဲ့ အဆင့်ဆင့် ရဲ တပ်ဖွဲ့၊ စစ်ဒေသ နယ်မြေတပ်ဖွဲ့၊ ရဲအထူးသတင်း တပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ စသုံးလုံး တပ်ဖွဲ့တို့ကို လိုင်းကြေး(ဆက်ကြေး) တွေပေးကာ လိုင်းကြေးပေးကာ ဖွင့်လှစ်လုပ်ကိုင်ကြရတာပါ။

“ လိုင်းကြေးပေးရပေမယ့် ဖမ်းချင်ရင် အကြောင်း အမျိုးမျိုး ပြဖမ်းတာပါပဲ၊ ဖမ်းတဲ့အခါတိုင်း လိုင်းကြေးလာယူတဲ့သူတွေပြောတာက အပေါ် ကလူကြီးက ဖမ်းတာ သူတို့မသိဘူး ပြောတယ် အဲ့ဒီအပေါ် က လူကြီး ဆိုတာတွေကလည်း ဆိုင်လာပြီး ဆိုရင် FOC (အခမဲ့) လာကြတာ မိန်းကလေးတွေကို ညဖက်အပြင်ခေါ်ဖို့ လုပ်တာမျိုးတောင်ရှိတယ်” လို့ ပုသိမ်မြို့ကနာမည်ကြီးဟိုတယ်တခုရှိ ကေတီဗွီ ဝန်ထမ်းတဦးက ပြောပါတယ်။

ကေတီဗွီ စားသောက်ဆိုင်တွေဟာ အဲ့ဒီလုပ်ငန်း အတွက် သီးသန့်လုပ်ငန်း လိုင်စင်မရှိပါပဲ ဗွီဒီယို ပြသတဲ့လုပ်ငန်းလိုင်စင်မျိုး နဲ့ အာဏာရှိသူရဲ့ ခွင့် ပြုချက်ရယူ ပြီး လုပ်ကိုင်ကြရတာလို့ ကေတီဗွီမာဆတ်(အနှိပ်ခန်း) လုပ်ငန်းအတွေ့အကြုံရှိသူ တဦး ကပြောပါတယ်။

ဧရာဝတီတိုင်း ရဲ့ မြို့ကြီး တိုင်းမှာ ကေတီဗွီ စား သောက်ဆိုင်၊ မာဆက် (အနှိပ်ခန်း) နဲ့ လိင်လုပ်ငန်းများ ရှိ နေ ပြီး မြို့တမြို့ကို အများအားဖြင့် ၅ဆိုင် ကနေ ဆိုင်၂၀ ကျော်အထိ ရှိနေကာ ကေတီဗွီ စား သောက်ဆိုင်တဆိုင်မှာ မိန်းခလေး ၁၅ ဦး ကနေ ၃၀ဦး ကျော်အထိ ရှိကြပါတယ်။