“အခုက ကြားနေတာက စစ်မှုထမ်းကို သင်တန်းတောင်မပေးပဲ ရှေ့တန်းလွှတ်တာတွေ၊ ရှေ့ထမ်းကထွက်ပြေးသူတွေကို ပစ်သတ်တာတွေက ကြားနေရတော့ ကိုယ့်ကလေးကို အရမ်းစိတ်ပူတယ်။ အချိန်မီ ထွက်ပြေးဖို့ မလုပ်ပေးနိုင်တာအတွက်လည်း ငါ့အမှားဆိုပြီး ဝမ်းနည်းတယ် ဒေါသလည်းထွက်တယ် ” လို့ စစ်မှုထမ်းဖို့ အတင်းခေါ်ဆောင်ခံရသူတဦးရဲ့ မိခင်ဖြစ်သူက DNA ကို ပြောပါတယ်။
၁၂၊ဇူလိုင်လ။
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မှာရှိတဲ့ ခလရ (၁၀၈)မှာ စုဆောင်းထားတဲ့ စစ်မှုထမ်းစုဆောင်းခံရသူတွေ အပါအဝင် စစ်သားတွေပါဝင်တဲ့ စစ်ကား ၈ စီးဟာ မနေ့က ဇူလိုင် ၁၁ ရက်နေ့မှာ အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ ဘက်ကို အစောတလျင်ထွက်ခွာသွားခဲ့တယ်လို့ ဧရာဝတီတိုင်းအတွင်းမှာ နေထိုင်တဲ့ စစ်ရေးဆိုင်ရာ စောင့်ကြည့်လေ့လာနေသူ တဦးက DNA ကိုပြောပါတယ်။
“ ဓနုဖြူဘက်မှာ စုထားတဲ့ စစ်မှုထမ်းတွေနဲ့ သူတို့ကိုထွက်မပြေးအောင်ထိန်းဖို့အတွက် ထည့်ပေးလိုက်တဲ့ စစ်သားတွေပါတယ်လို့ သိရတယ်။ အားလုံး ၈ စီး။ မနက်ပိုင်းမှာ ၃ စီး၊ နေ့လည်လောက်မှာ ၅ စီး။ သူတို့တွေ အလောတကြီးဘယ်လောက်ဖြစ်နေလဲဆိုရင် ၃ မိုင်လောက်ကို တောက်လျှောက် ဟွန်းတီးပြီး အရှိန်နဲ့မောင်းသွားတာ အဲ့ဒါ မြို့ထဲ(ဇလွန်မြို့)ကို ဖြတ်တာနော် ” လို့ အထက်ပါ ပုဂ္ဂိုလ်က ရှင်းပြပါတယ်။
ဒါနဲ့ပတ်သက်လို့ DNA က ဇလွန်ဒေသခံတွေနဲ့ ဓနုဖြူဘက်က သတင်းရင်းမြစ်တွေဆီကို စုံစမ်းကြည့်တဲ့အခါ အချက်အလက် မှန်ကန်ကြောင်းနဲ့ အဲ့ဒီစစ်ကားတွေဟာ ကွင်းကောက်မှာရှိနေတဲ့ တပ်မတော တန်းမြင့်လေ့ကျင်းရေးကျောင်း (တတက ၅) ကို ပို့လိုက်တာဖြစ်ပြီး ရန်ကုန်နဲ့ ပဲခူးဘက်က လူငယ်တွေပါ ပါဝင်တယ်လို့ သိရပါတယ်။
ဇလွန်မြို့နယ်ထဲမှာလည်း စစ်မှုထမ်း အတင်းအကျပ်ဆောင်းမှုတွေ ရှိလာနေပြီး ပကွဲရေလဲ၊ ရေပေါက်ကြီး၊ ရေပေါက်ကလေး ဒေသတွေဘက်မှာ စစ်မှုထမ်းအတွက် ညဘက်မှာ ဖမ်းဆီးခေါ်တာတွေ ရှိလာနေပြီလို့ ဇလွန်ဒေသခံတွေက ဆိုပါတယ်။
ယခု ကွင်းကောက်ဘက်ကို အပို့ခံရတဲ့သူတွေ ထဲမှာလည်း ဇလွန်မြို့နယ်ကလူတွေ ပါဝင်နေတယ်လို့ ကာယကံရှင် မိသားစုတွေက ယူဆနေကြပေမယ့် အဆက်သွယ်ပြတ်တောက် နေတာကြောင့် သတင်းအတိအကျတော့ အတည်မပြုနိုင်သေးပါဘူး။
“ အခုက ကြားနေတာက စစ်မှုထမ်းကို သင်တန်းတောင်မပေးပဲ ရှေ့တန်းလွှတ်တာတွေ၊ ရှေ့ထမ်းကထွက်ပြေးသူတွေကို ပစ်သတ်တာတွေက ကြားနေရတော့ ကိုယ့်ကလေးကို အရမ်းစိတ်ပူတယ်။ အချိန်မီ ထွက်ပြေးဖို့ မလုပ်ပေးနိုင်တာအတွက်လည်း ငါ့အမှားဆိုပြီး ဝမ်းနည်းတယ် ဒေါသလည်းထွက်တယ် ” လို့ စစ်မှုထမ်းဖို့ အတင်းခေါ်ဆောင်ခံရသူတဦးရဲ့ မိခင်ဖြစ်သူက DNA ကို ပြောပါတယ်။
လက်ရှိ လေးမျက်နှာမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီး အမြှောက်တပ် (၃၄၄) ကို ကာကွယ်နိုင်ဖို့ စစ်ကောင်စီဘက်က စစ်ကူတွေ မကြာခဏပို့နေရတဲ့ အခြေအနေရှိနေပြီး ဒီထဲမှာ စစ်မှုထမ်း သင်တန်းဆင်းတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
ဒီစစ်မှုထမ်း သင်တန်းဆင်းတွေဟာ အမတ ၃၄၄ ကနေ မကြာခဏထွက် ထွက်ပြေးတာတွေ ရှိနေတဲ့အတွက် စောင့်ကြည့် ပိတ်လှောင်ထားတာမျိုးတွေ ရှိနေတယ်လို့လည်း ဒေသခံတွေကြားမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။