ဧရာဝတီထဲက အထည်ချုပ်စက်ရုံတွေ အလုပ်သမားအခွင့်အရေး ဘယ်လို ချိုးဖောက်နေလဲ

လက်ရှိ ဧရာဝတီတိုင်းထဲမှာ လည်ပတ်နေတဲ့ အထည်ချုပ် စက်ရုံ ၁၂ ရုံရှိပြီး ဒီစက်ရုံတွေမှာ အလုပ်သမား အခွင့်အရေးကို သေသေချာချာ ရနေတဲ့ စက်ရုံ တရုံမှ မရှိနေဘူးလို့လည်း သိရပါတယ်။

၈၊ဇွန်လ။

ဧရာဝတီတိုင်းထဲက အထည်ချုပ်စက်ရုံတွေဟာ ဘရန်း(ကုန်အမှတ်တံဆိပ်)တွေကို ဖျောက်ပြီး ချုပ်လုပ်နေကြတာကြောင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် ထိရောက်တဲ့ ဖြေရှင်းမှုမျိုး လုပ်နိုင်ဖို့ ခက်ခဲနေတယ်လို့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီပေးရေးအဖွဲ့ (LHEO)  မဟာမိတ်ဆက်ဆံရေးတာဝန်ခံ မခခ က DNA ကိုပြောပါတယ်။

“ သူက ဘရန်းတွေကိုချုပ်နေတာဆိုရင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရရင် ဘရန်းတွေကိုတိုင်ပြီး လှုပ်ရှားမှုတွေ လုပ်လို့ရတယ်။ ဘရန်းတွေဘက်ကလာပြီး စစ်ဆေးတာမျိုးတွေ လုပ်တယ်ဆိုရင် အလုပ်သမားအခွင့်အရေးအတွက် မျှော်လင့်ချက်ရှိတယ်ပေါ့။ ခုက အထည်တွေတော့ချုပ်တယ် ဘရန်းတံဆိပ်တွေကို မတပ်ဘူး အဲ့ဒါက အလုပ်သမားအခွင့်အရေး မပေးချင်လို့ ညစ်တီးညစ်ပတ်တွေ လုပ်တဲ့သဘောပဲ အဲ့လိုမျိုးကို ဧရာဝတီတိုင်းက စက်ရုံတွေမှာ တွေ့ရတယ် ” လို့ သူက ရှင်းပြပါတယ်။

လက်ရှိ ဧရာဝတီတိုင်းထဲမှာ လည်ပတ်နေတဲ့ အထည်ချုပ် စက်ရုံ ၁၂ ရုံရှိပြီး ဒီစက်ရုံတွေမှာ အလုပ်သမား အခွင့်အရေးကို သေသေချာချာ ရနေတဲ့ စက်ရုံ တရုံမှ မရှိနေဘူးလို့လည်း သိရပါတယ်။

ဒီလိုမျိုး ဘရန်းထည်တွေ၊ ဘရန်းပစ္စည်းတွေ ထုတ်လုပ်ပေးနေတဲ့ စက်ရုံတွေက အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို ဘရန်းကုမ္ပဏီတွေဆီ တိုင်ကြားတာ၊ နိုင်ငံတကာက အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒီလိုချိုးဖောက်မှုတွေ ရှိနေလို့ ဒီဘရန်းတွေကို မသုံးကြဖို့ (boycott) တိုက်တွန်းဖိအားပေးတဲ့ နည်းလမ်းကို အာဏာမသိမ်းခင်ကတည်းက အလုပ်သမားရေး အဖွဲ့တွေက ကျင့်သုံးခဲ့ကြတာဖြစ်ပါတယ်။

မခခ က “ ဘရန်းကိုသိခြင်းသည် အလုပ်သမားအခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးခြင်းအတွက် အလွန်အင်မတန် အရေးကြီးပြီးတော့မှ ဘရန်းကိုတိုင်ကြားခြင်းဖြင့် အလုပ်သမား အခွင့်အရေးကို ကာကွယ်မြှင့်တင်နိုင်တယ် ” လို့ ဆိုပါတယ်။

အာဏာသိမ်းခံရပြီးနောက်ပိုင်းမှာတော့ ဒီနည်းလမ်းကို အားပြုပြီးတော့ အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုတာမျိုး လုပ်နေရတာကြောင့် အလုပ်သမားတွေ အနေနဲ့လည်း ကိုယ်ချုပ်လုပ်နေတဲ့ ပစ္စည်းတွေဟာ ဘယ်ဘရန်းကို ကိုယ်စားပြုတာလဲဆိုတာကို သိဖို့ကြိုးစား သင့်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက တိုက်တွန်းထားကြပါတယ်။