ပုသိမ်ပညာရေးကောလိပ်က တွဲဖက်ပါမောက္ခတဦး ကားတိုက်ခံရပြီး သေဆုံး

“ဖူးပွင့်ဝေ ထမင်းဆိုင်က ဒုတိယ သမီး ၊ ဆရာဦးမြင့်စိန်(ပထဝီ) ရဲ့ ခယ်မပေါ့ ၊ ရူပဗေဒဌာနက ထင်တယ် ။ တီချယ်က အရမ်းသဘောကောင်းတာ”လို့ ပုသိမ်မြို့သူ တဦးက မှတ်ချက်ပေးပါတယ်။

၂၃၊မေလ။

ဧရာဝတီတိုင်း ပုသိမ်မြို့ ၊ မြကျွန်းသာလမ်းနဲ့ ကင်မလင်းကျွန်း လမ်းဆုံနေရာမှာ မေလ ၂၂ ရက် မနေ့က ညနေမှာ အရှိန်လွန်လာတဲ့ ကားတစီးက လမ်းဘေးဆိုင်တန်းတွေကို ဝင်တိုက်ခဲ့အပြီးမှာ ဈေးဝယ်နေတဲ့ ပုသိမ်ပညာရေးကောလိပ်က တွဲဖက်ပါမောက္ခ ဒေါ်ခင်မင်းမင်းကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ဆိုင်ရှေ့ကို ကားဝင်လာတာပါ။ဆရာမ တယောက်ထိခိုက်ထားပါတယ်။ ပညာရေးကောလိပ်ကလို့ ပြောပါတယ်။ အရေးပေါ် အခြေအနေမို့ မိသားစု ဆက်သွယ်ပေးပါ”လို့  facebook အကောင့်ပိုင်ရှင် Felo Fox က ပို့စ်တခု ရေးတင်ထားတာ တွေ့ရပါတယ်။

ကားမောင်းတဲ့သူက မူးပြီးမောင်းတဲ့အတွက် အရှိန်လွန်ပြီး လမ်းဘေးမှာ ရှိနေတဲ့ ရပ်ထားတဲ့ ဆိုင်ကယ်တွေနဲ့အတူ ဈေးဆိုင်တွေကိုပါ ဝင်တိုက်ခဲ့တယ်လို့ လူမှုကွန်ယက်မှာ မှတ်ချက်ပေး ပြောဆိုမှုတွေလည်း တွေ့ရပါတယ်။ အခင်းဖြစ်ပွားချိန်အပြီး ဒဏ်ရာပြင်းထန်စွာ ရသွားတဲ့ ဒေါ်မင်းမင်းကျော်ကို ပုသိမ်ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ခဲ့ပြီး ဆေးရုံ အရောက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

“ဖူးပွင့်ဝေ ထမင်းဆိုင်က ဒုတိယ သမီး ၊ ဆရာဦးမြင့်စိန်(ပထဝီ) ရဲ့ ခယ်မပေါ့ ၊ ရူပဗေဒဌာနက ထင်တယ် ။ တီချယ်က အရမ်းသဘောကောင်းတာ”လို့ ပုသိမ်မြို့သူ တဦးက မှတ်ချက်ပေးပါတယ်။

အခင်းဖြစ်ပွားပြီးချိန်မှာ ကားက လမ်းဘေးဆိုင်တခုရဲ့ တစက်မြိတ်အတွင်း တိုးဝင်ပြီးရပ်တန့်သွားတာကို တွေ့ရပါတယ်။ ယာဉ်မောင်းကိုတော့ ပုသိမ်မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးအရေးယူမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။