ဖေဖော်ဝါရီ၊ ၁၀
စစ်ကောင်စီရဲ့ ရေတပ်အခြေစိုက် စခန်းရှိရာ ဟိုင်းကြီးကျွန်းမြို့အနီးမှာ စစ်ကောင်စီက အင်အား ခုနစ်ဆယ်လောက်နဲ့ စစ် ကြောင်းထိုးနေလို့ စစ်ကြောင်းသွားလာရာလမ်းတလျှောက်ကျေးရွာတွေက ဒေသခံတွေ တိမ်းရှောင်နေကြတယ် လို့ ဒေသခံတချို့က DNAကိုပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဆယ်ကျော်၊ ပြည်သူ့စစ် အင်အား သုံးဆယ်ကျော်လောက်ပါတဲ့ စစ်ကောင်စီစစ် ကြောင်းဟာ ဖေဖော်ဝါရီ ၈ရက်ကစလို့ ပုသိမ် – မော်တင်စွန်းကားလမ်းနဲ့ မော်တင်စွန်း – ဟိုင်းကြီးလမ်းပိုင်း တလျောက် ဟိုင်းကြီးကျွန်းမြို့ အပိုင်ထဲမှာရှိတဲ့ကျေးရွာတွေကို လှည့်လည်စစ်ကြောင်းထိုးနေတာလို့ သိရပါ တယ်။
“ထိတွေ့တိုက်ပွဲဖြစ်တာတွေတော့ မကြားရသေးဘူး”လို့ စစ်ကောင်စီစစ်ကြောင်းအခြေအနေနဲ့ပတ်သက်ပြီး ဒေသ ခံတဦးက DNAကိုပြောပါတယ်။
လက်နက်ခဲယမ်း၊ရိက္ခာအပြည့်အစုံနဲ့အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ဟိုင်းကြီးကျွန်းမြို့ မြောက်ဘက် ခုနစ်မိုင် ဝန်းကျင်အကွာ ပုသိမ်-မော်တင် ကားလမ်းအရှေ့ဘက်မှာရှိတဲ့ငါးပြေမရွာဘက်ကို ဦးတည်နေပြီး ဒီကနေ့မှာ တော့ ဟိုင်းကြီးကျွန်းမြို့အနီးက ကညင်ချောင်းရွာမှာ စခန်းချနေတယ်လို့ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကြောင်းဦးတည်ရာမှာရှိတဲ့ ကျေးရွာနေပြည်သူတွေဟာ တောတောင်တွေဘက်နဲ့ ဘေး လွတ်မယ်လို့ ယူဆရတဲ့ဒေသတွေဘက်ကို နေအိမ်စွန့်ခွာ တိမ်းရှောင်နေကြတယ်လို့သိရပြီး လူဦးရေဘယ်လောက် တိမ်းရှောင်နေရတယ်ဆိုတာကိုတော့ DNA ကအသေးစိတ်အတည်မပြုနိုင်သေးပါဘူး။
ဧရာဝတီတိုင်းအတွင်း တိုက်ပွဲတွေမရှိသေးချိန်ကာလတွေကတည်းက ဟိုင်းကြီးကျွန်းဒေသမှာ တော်လှန်ရေး အင် အားစုတွေရဲ့ ပြောက်ကျားလှုပ်ရှားမှုတချို့ရှိခဲ့သလို စစ်ကောင်စီကလည်း AA အပါအဝင် တော်လှန်ရေးအင်အားစု တွေနဲ့ဆက်စပ်တယ်ဆိုပြီး ဒေသခံတွေကိုဖမ်းဆီးတာတွေရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ဒေသတွင်းမှာအာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တွေ ရောက် နေကြောင်းသတင်းရတယ်ဆိုပြီး စစ်ကောင်စီက အခုစစ်ကြောင်းထိုးနေတဲ့ကျေးရွာတွေအပါအဝင် အနီးတဝိုက် ဒေသတွေကို အင်အား ၅၀လောက်နဲ့ စစ်ကြောင်းထိုးခဲ့ပါသေးတယ်။
လတ်တလော စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ငပုတောမြို့နယ်အပိုင်းထဲမှာပဲပါဝင်တဲ့ ဟိုင်း ကြီးကျွန်းအရှေ့ဘက် ပုသိမ်မြစ်တဖက်ကမ်းမှာရှိတဲ့ ပြင်ခရိုင်ထိပ်စွန်းဘက်က ကူးလာသူတွေလို့ ဟိုင်းကြီးကျွန်း ဒေသခံကပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ ပုသိမ် – မော်တင်စွန်း ကားလမ်းတလျောက်မှာရှိတဲ့ စိန်တောင်ဂိတ်၊ မဏ္ဏ ဂိတ် ၊ ငရုတ်ကောင်းတောင်ဂိတ် ၊ ငါးပြေမဂိတ်စတဲ့ဂိတ်တွေမှာ လုံခြုံရေးဂိတ်တွေကို ပြန်လည်ပြင်ဆင်မှု တွေ လုပ်နေတယ်လို့သိရပါတယ်။
ပုသိမ်မြို့ကနေ ဟိုင်းကြီးကျွန်းမြို့နဲ့ မော်တင်စွန်းအထိ ကားလမ်းတလျောက်က စစ်ကောင်စီဂိတ်တွေမှာတော့ ပုသိမ် ခလရ ၂၇၁ က သက်ကြီးရွယ်အို စစ်သားတွေကို နေရာချထားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဌာနဆိုင်ရာမှတ်တမ်းတွေအရ လူဦးရေသုံးသိန်းနှစ်သောင်းကျော်နေထိုင်တယ်လို့တွေ့ရတဲ့ ဟိုင်းကြီးကျွန်းမြို့ဟာ တိုင်းအစိုးရအဖွဲ့ ရုံးစိုက်ရာ ပုသိမ်မြို့နဲ့ မိုင်ခြောက်ဆယ်လောက်ကွာဝေးပြီး ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီနဲ့ AAပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်နေတဲ့ ရွှေသောင်ယံဒေသနဲ့ဆိုရင်တော့ မိုင်ရှစ်ဆယ်ဝန်းကျင်လောက်ဝေးပါတယ်။