ဖေဖော်ဝါရီ၊ ၂
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် ကျားခေါင်းရွာအနီးမှာ ဇန်နဝါရီလ ၂၈ ရက်က သာပေါင်းမြို့မ ရဲစခန်းမှူး ဝင်းနိုင်ဦးနဲ့အတူစနိုက်ပါပစ်ခတ်ခံရတဲ့ အဝါရောင်မျိုးဆက်သစ်လူငယ် ပရဟိတအသင်း ( YGW )ကသံဃာတပါးကို လက်ရှိအချိန်အထိ ရှာမတွေ့သေးဘူးလို့ YGW အဖွဲ့နဲ့ နီးစပ်တဲ့ ကြက်သွန်ကွင်းကျေးရွာ ဒေသခံတွေက ပြောပါတယ်။
စခန်းမှူး ဝင်းနိုင်ဦနဲ့အတူ ရဲတပ်ဖွဲ့ဝင်သုံးဦး၊ YGW အဖွဲ့က သံဃာတပါးဟာ ကျားခေါင်းကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကိုလူမူကူညီရေးကားနဲ့ ရိက္ခာသွားပို့တဲ့ အချိန်မှာ အပစ်ခံရတာဖြစ်ပြီး စခန်းမှူးကတော့ သေဆုံးသွားခဲ့ပါတယ်။
YGW ကသံဃာကတော့ ရဲသုံးဦးနဲ့အတူထွက်ပြေးသွားခဲ့ပြီးဇန်နဝါရီ ၃၁ ရက်မှာ ရဲတွေစခန်းပြန်ရောက်လာခဲ့ပေမယ့် အဲဒီသံဃာကတော့ ပြန်မပါလာခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“YGW ဆိုတာ အသက် ၄ နှစ်ပဲရှိသေးတဲ့ ကလေးမလေးကို မုဒိမ်းကျင့်တဲ့ အဖွဲ့ပေါ့ဗျာ။ အဲ့အဖွဲ့က ဘုန်းကြီးပေါ့။ စစ်ကောင်စီ လက်အောက်ခံတွေ ကျွန်တော်တို့အတွက်တော့ ဒီလိုဘုန်းကြီးမျိုးတွေ ပြန်မလာတာ သတင်းကောင်းပါပဲ” လို့ ကြက်သွန်ကွင်း ဒေသခံတဦးက ဆိုပါတယ်။(ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်အတွင်းမှာ သာပေါင်းမြို့YGWမိဘမဲ့ကျောင်းက အသက်ငါးနှစ်အရွယ် မိန်းကလေးတဦး မုဒိမ်းပြုကျင်ခံရတဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။)
ဒေသခံတွေကတော့ အထက်ပါသံဃာဟာသေဆုံးသွားတာ ဖြစ်နိုင်တယ်လို့လည်းယူဆနေကြပါတယ်။
ဒါ့အပြင်စစ်ကောင်စီနဲ့ မပတ်သက်ကြသူတွေအနေနဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ နီးနီးကပ်ကပ် မနေကြဖို့နဲ့ တိုက်ပွဲတွေဖြစ်ပွားနေရင် အရဲစွန့်ပြီး အနားတိုးသွားကြည့်တာမျိုးတွေ မလုပ်ကြဖို့လိုတယ်လို့လည်း လက်ရှိ ကရင်ပြည်နယ်ရှေ့တန်းမှာရှိနေတဲ့ ဧရာဝတီဒေသခံPDF တဦးက အကြံပြုပါတယ်။
“ကျွန်တော်တို့က မစ်ရှင်တွေကို ကြေညာနေမှာ မဟုတ်ဘူး။ စစ်ကောင်စီတပ်တွေရှိ တဲ့နေရာတိုင်းမှာ တခုခုဖြစ်နိုင်တယ်ဆိုတာကို ခေါင်းထဲထည့်ထားကြဖို့လိုတယ်။ သူတို့ဘက်တော်သားတွေဆိုရင် ဘာမှမဖြစ်ပေမယ့် ပြည်သူတွေတခုခုဖြစ်ရင် ကျွန်တော်တို့လည်း ခံစားရတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ သာပေါင်းနဲ့ ရေကြည်မြို့နယ်မှာ ထိတွေ့တိုက်ပွဲ တချို့ရှိနေတာလည်းဖြစ်ပါတယ်။