ဒီဇင်ဘာ ၊ ၇
အာရက္ခတပ်တော်(AA) အပြင်းအထန်ထိုးစစ်ဆင်နေတဲ့ မြို့နယ်လေးခုကို စစ်ကောင်စီအနေနဲ့ အလုံးစုံလက်လွတ်ရဖို့ အနီးစပ်ဆုံးအခြေအနေရောက်ရှိနေပြီဖြစ်ပါတယ်။
AAက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက် အမ်းမြို့နယ် ၊အမှတ်၅စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ် (စကခ-၅)တည်ရှိရာ တောင်ကုတ်မြို့နယ်၊ ရခိုင်တောင်ပိုင်းအစွန်ဆုံးဂွမြို့နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်တို့ကို အပြင်းအထန်ထိုးစစ်ဆင်နေတာပါ။
အဲဒီမြို့နယ်တွေအနက် မောင်တော၊အမ်းနဲ့ တောင်ကုတ်မြို့နယ်တွေမှာ မြို့ပေါ်အပါအဝင် နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်ပြီး အပြည့်အဝသိမ်းပိုက်နိုင်ဖို့ နီးစပ်နေပြီလို့ AAထုတ်ပြန်ချက်နဲ့ ဒေသတွင်း သတင်းရင်းမြစ်တွေ ဆီကသိရပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်းအစပ်ဂွမြို့နယ်မှာလည်း AAထိုးစစ်က မြို့အနီးဝန်းကျင်အထိရောက်ရှိနေတာဖြစ်ပါတယ်။
နပခအခြေစိုက်အမ်းမြို့နယ်
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းဒေသအတွင်း စစ်ကောင်စီရဲ့ ဗျူဟာဌာနချုပ်၊ ကာကင်းစခန်း ကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်နဲ့တပ်ခွဲအသီးသီးအပါအဝင်တပ်စွဲစခန်းချ၊ ခုခံစစ်ဆင်နွှဲနေကြတဲ့စခန်းနေရာ (၃၀) ကျော်ရှိတယ်လို့ မနေ့ကဒီဇင်ဘာ၆ရက်စွဲနဲ့ AAထုတ်ပြန်ချက်ကဆိုပါတယ်။
နပခဌာနချုပ်ရဲ့အဓိကကာကင်းဗျူဟာစခန်းတွေအပါအဝင် အမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းအများစုကို သိမ်းပိုက်ထားတဲ့AAက လက်ကျန်စခန်းကိုးခုအပြင် လေဆိပ်အနီး၊ အတွင်း၊ ပတ်ဝန်းကျင်က ခုခံတိုက်ခိုက်နေသော စခန်းငယ်တွေကိုထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဒါ့အပြင်အစုလိုက်ထွက်ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်းချေမှုန်းနိုင်တယ်လို့ဆိုပါတယ်။
AAက ဒုတိယမြောက်လေဆိပ်အဖြစ် အမ်းလေဆိပ်ကိုလည်း သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒေသအတွင်း ပထမဆုံးလေဆိပ်အဖြစ် သံတွဲလေဆိပ်ကိုလည်း AAကသိမ်းပိုက်ထားပါတယ်။
လက်ရှိမှာတော့အမ်းမြို့နယ်မှာနပခတိုင်းစစ်ဌာနချုပ်တစ်ခုမှလွဲလို့ စစ်ကောင်စီစခန်းအားလုံးကို AAက ထိန်းချုပ်ထားလိုက်တာဖြစ်ပါတယ်။ နောက်ဆုံးလက်ကျန် နပခ တိုင်းစစ်ဌာနချုပ်ကိုအပြီးသတ် သိမ်းပိုက်ရရှိနိုင်ဖို့အတွက်လည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့AAကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဖက်ကလည်း နပခမကျစေဖို့ ပြည်မဖက်က စစ်ကူတွေပို့ပြီး ခုခံနေတာဖြစ်ပါတယ်။
အမ်းမြို့ကိုစစ်ကူပေးဖို့တက်လာတဲ့တပ်မ (၈၈) လက်အောက်ခံ၊ နည်းဗျူဟာတစ်ခုကိုလည်း ပြီးခဲ့တဲ.နိုဝင်ဘာလ (၂၈) ရက်မှာရိုးတောင်တစ်နေရာကနေ စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့တယ်လို့AAကဆိုပါတယ်။ အဆိုတပ်ရင်းသုံးရင်း စုပေါင်းထားပြီး အင်အား (၁၃၀) လောက်ပါဝင်တဲ့အဲဒီစစ်ကြောင်းကို
သုံးရက်နီးပါး ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်မှုအပြီး အလောင်း စုစုပေါင်း (၁၀၀) ကျော်၊ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ကာစစ်သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
အမ်းမြို့နယ်ကိုAAသိမ်းပိုက်နိုင်ရင်တော့ ပြည်မဒေသနဲ့ ချိတ်ဆက်နိုင်တော်လှန်ရေး အချိုးအကွေ့ ဖြစ်လာနိုင်တယ်လို့လည်းလေ့လာသူတွေကသူံးသပ်ထားပါတယ်။ အမ်းမြို့နဲ့မကွေးတိုင်းမင်းဘူး(ပဒါန်း)က မိုင်တရာစွန်းစွန်းသာကွာဝေးတာဖြစ်ပါတယ်။
စကခအခြေစိုက်တောင်ကုတ်မြို့
စစ်ကောင်စီရဲ့ အမှတ်၅ စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ်(စကခ-၅) အခြေစိုက် တောင်ကုတ်မြို့ကို AAကအလုံးစုံ ထိန်းချုပ်ထားနိုင်ပြီးလက်ကျန်စခန်းတွေကိုလည်း သိမ်းပိုက်နိုင်ဖို့တိုက်ခိုက်နေပါတယ်။ တောင်ကုတ်မြို့နယ်က စစ်ကောင်စီစခန်းအများစုကိုနိုဝင်ဘာလ (၄) ရက်ကနေ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ် အပြီးသိမ်းပိုက်ရရှိခဲ့ကာတောင်ကုတ်မြို့တစ်ခုလုံးကိုနိုဝင်ဘာလ (၂၄) ရက်နေ့မှာ အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ AAကထုတ်ပြန်ထားပါတယ်။
တောင်ကုတ်မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီစခန်းအားလုံးကို AAကသိမ်းပိုက်ရယူပြီးနောက် စစ်ကောင်စီတောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးတွေဖြစ်တဲ့စကခ (၅) တပ်မဌာနချုပ် နဲ့ လက်အောက်ခံ ခမရ (၃၄၆) ၊ခမရ (၅၄၄) တပ်ရင်းဌာနချုပ် စခန်းတွေကို တပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
ရခိုင်ပြည်နယ်မှာ စကခလို့ခေါ်တဲ့စစ်ဆင်ရေးကွပ်ကဲမူဌါနချုပ် သုံးခုရှိပြီး ကျောက်တော်နဲ့ ဘူးသီးတောင်အခြေစိုက်စကခတွေကို AAကသိမ်းပိုက်ထားတာပါ။ အခုတောင်ကုတ်အခြေစိုက် စကခ-၅သာလက်လွတ်ရရင်တော့ စစ်ကောင်စီက အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ စစ်တွေက ဒေသကွပ်ကဲမူစစ်ဌါနချုပ်(ဒကစ)တို့သာ အဓိကကွပ်ကဲရေးဌာနချုပ်လောက်ကျန်ရှိတော့မှာဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်နဲ့ပဲခူးတိုင်းအစပ် တောင်ကုတ်မြို့သာလက်လွတ်ရရင်တော့ AAက ပြည်မဒေသတော်လှန်ရေးအင်အားစုတွေနဲ့ချိတ်ဆက်နိုင်ဖို့လမ်းပွင့်သွားပြီလို့ဆိုနိုင်ပါတယ်။
“အရင်ကလည်းပြောဖူးပါတယ်၊ တပ်တော်ကနောက်ကျောလုံဖို့ ရိုးအရှေ့ဖက်ခြမ်းကိုကာမှာပဲ၊ မဟာမိတ်တွေလည်းရှိတယ်လေ”လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။ တောင်ကုတ်နဲ့ပဲခူးတိုင်းပြည်မြို့ကလည်းမိုင်တရာစွန်းစွန်းသာကွာဝေးတာဖြစ်ပါတယ်။
ဧရာဝတီအစပ်ကဂွမြို့နယ်
ရခိုင်တောင်ပိုင်းအစွန်ဆုံး ဧရာဝတီတိုင်းနဲ့စပ်ဆက်နေတဲ ဂွမြို့နယ်ကိုလည်း AAက ထိုးစစ် အပြင်းအထန်ဆင်နေပြီး တိုက်ပွဲတွေက မြို့အနီးအထိရောက်ရှိလာပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ AA ထိုးစစ် ဂွမြို့နဲ့နီးကပ်လာတာကြောင့် စစ်ကောင်စီကလည်း စစ်ကူဖြည့်တင်းပြီး ခုခံဖို့ပြင်ဆင်နေတာပါ။
ဂွမြို့နယ်ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို နိုဝင်ဘာ ၂၄ ရက်က စတင် ဖြတ်တောက်တိုက်ခဲ့ပြီး သံခဲချိုင်ကျေးရွာ ကမ်းခြေအနီးနဲ့ ကင်းပုံကျေးရွာအကြား သုံးရက်အတွင်း ချေမှုန်းနိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၆ ရက်စွဲနဲ့AA က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်အလောင်း ၁၂၀ ကျော်၊ စစ်သုံ့ပန်းအချို့နဲ့လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရမိခဲတယ်လို့ဆိုပါတယ်။
အင်အား ၁၈၄ ဦး ပါဝင်တဲ့ အဲဒီစစ်ကြောင်းမှာ ဟင်္သာတမြို့အခြေစိုက် ခလရ -၁၈ ၊ မအူပင်မြို့ အခြေစိုက် ခလရ – ၅၁ ၊ အိမ်မဲမြို့အခြေစိုက် ခလရ – ၆၃နဲ့ လှိုင်သာယာ အခြေစိုက် ခမရ- ၅၃၂တို့စုပေါင်းထားတာဖြစ်ပါတယ်။
ဒါ့အပြင်စစ်ကောင်စီဖက်က လေကြောင်းပစ်ကူ၊ ရေကြောင်းနဲ့မောင်းသူမဲ့ အသေခံဒရုန်းတွေကို အသုံးပြုခုခံနေတဲ့ကြားက လက်ကျန်စခန်းတွေကို အပြီးသတ် သိမ်းပိုက်နိုင်ရေး တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်နေတယ်လို့AAကဆိုပါတယ်။ AAက ဂွမြို့နယ်ထိုးစစ်အတွင်းစစ်ကောင်စီစခန်းလေးခုထက်မနည်းကို သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။
အနောက်ဖက်နယ်စပ်မောင်တောမြို့
မောင်တောမြို့မှာလည်း စစ်ကောင်စီဖက်က နခခ-၅လို့ခေါ်တဲ့ တပ်စခန်းတခုသာကျန်ရှိတော့တာပါ။ နခခ (၅) စခန်းအတွင်းကခုခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုဝေဟင်ကနေ ခဲယမ်း၊ ရိက္ခာဖြည့်တင်းပေး ရုံကလွဲလို့ ကုန်းလမ်း၊ ရေလမ်းစစ်ကူလာရောက်ဖြည့်တင်းပေးနိုင်တဲ့အခြေအနေမျိုး မဟုတ်လို့ နခခ (၅) စခန်းကိုလည်းမကြာမီသိမ်းပိုက် ရရှိနိုင် တော့မယ်လို့AAက ဒီဇင်ဘာ၆ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။
နခခ (၅) စခန်းကိုအပြီးသတ်သိမ်းပိုက်ရရှိရေးအတွက်လည်း ထိုးစစ်ကို အရှိန်အဟုန် မြှင့်နေတယ်လို့ AAက ဆိုပါတယ်။
နခခ-၅ ကျရင်တော့ မောင်တောမြို့နယ်တခုလုံးသာမက မြန်မာ -ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတလျှောက်ကို AAကထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။ လက်တလောမှာ နခခ-၅ကို AAသိမ်းပိုက်လိုက်ပြီလို့ သတင်းထွက်ပေါ်နေပေမယ့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ အာရက္ခတပ်တော် (AA)က တနှစ်ကျော်ကာလအတွင်း ရခိုင်က မြို့နယ်ဆယ်ခုနဲ့ချင်းပြည်နယ်ပလက်ဝမြို့ကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။
လက်ရှိထိုးစစ်ဆင်နေတဲ့ မြို့နယ်လေးခုကို သိမ်းပိုက်နိုင်ရင်တော့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်နိုင်တာ မြို့တော်စစ်တွေ၊ကျောက်ဖြူနဲ့မာန်အောင်တို့သာကျန်ရှိတော့မှာပါ။ ဒါကြောင့် AAရဲ့နောက်ထပ်ထိုးစစ်က စစ်တွေမြို့တော်ဖြစ်လာဖို့များတယ်လိုလည်း သုံးသပ်ကြပါတယ်။ စစ်တွေနဲ့ တရုတ်အကျိုးစီးပွားရှိတဲ့ ကျောက်ဖြူတို့ကို တိုက်ခိုက်ဖို့ကတော့ AAအနေနဲ့ အချိန်ယူရနိုင်တယ်လို့လည်း ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကသုံးသပ်ပါတယ်။
“တရုတ်အကျိုးစီးပွားရှိတဲ့ ကျောက်ဖြူတို့၊ ပြည်နယ်မြို့တော် စစ်တွေတို့ကိုတော့ ဘယ်လိုဗျူဟာနဲ့ တိုက်မလဲ၊ ဘယ်လိုပုံစံ ဝိုင်းပတ်ပိတ်ဆို့ပြီးတော့ မြို့မနာအောင်၊ ပြည်သူတွေ မနာအောင် ဗျူဟာမြောက်တိုက်နိုင်ဖို့ အချိန်နည်းနည်းတော့ ယူမယ်လို့တော့ ယူဆပါတယ်။” လို့ သူက DNAကို မှတ်ချက်ပြုထားတာပါ။