နိုဝင်ဘာ၊ ၂၀
စစ်ကောင်စီရဲ့ ရေတပ်က တပ်ကြပ်တဦးနဲ့ သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံက တပ်ကြပ်ကြီးတဦးတို့ လက် နက်မဲ့အလင်းဝင်လာတာကြောင့် စစ်ဘက်ဆိုင်ရာ လုပ်ထုံးတွေနဲ့အညီ စိစစ်လက်ခံကာ ဆုကြေးငွေပေးခဲ့ တယ်လို့ NUG ပြည်သူ့ကာကွယ်ရေးတပ်မတော် ရန်ကုန်တိုင်းစစ်ဌာနက အသိပေးပါတယ်။
လက်နက်မဲ့အလင်းဝင်လာသူနှစ်ဦးဟာ စစ်ကောင်စီရေတပ်က တပ်ကြပ်နိုင်မင်းဇော်၊သံချပ်ကာ ပြင်ဆင်ရေးပင်မ အလုပ်ရုံ တပ်ကြပ်ကြီးအောင်မင်းဇော်တို့ဖြစ်တယ်လို့ သိရပြီး သူတို့လာရောက်ပူးပေါင်းခဲ့တဲ့ကာလ၊ဒေသနဲ့ ဆု ကြေးဘယ်လောက်ပေးခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။
အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဟာ ရန်ကုန်တိုင်းစစ်ဌာနလက်အောက်ခံ တပ်ရင်း ၅၁၀၁နဲ့ ၅၁၀၂ တို့ဆီအလင်း ဝင်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတပ်ရင်းတွေဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့တောင်ပိုင်းစစ်ဒေသ လက်အောက်ခံ တပ်ရင်းတွေအဖြစ် အခြေစိုက်လှုပ်ရှားနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ရန်ကုန်တိုင်းစစ်ဒေသလက်အောက်ခံ တပ်ရင်းတွေဆီ လက်နက်မဲ့ ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဖမ်းမိတဲ့တပ်ဖွဲ့ဝင်တချို့ရှိခဲ့ပါသေးတယ်။
အခုနှစ် ဩဂုတ်နဲ့ စက်တင်ဘာလတွေအတွင်းကလည်း စစ်ကောင်စီတပ်မ ၄၄လက်အောက်ခံ ခမရ ၂က တပ်သား ဝေလင်းထက်နဲ့ ခလရ ၁၂ တပ်ရင်း ၃၅၆ က တပ်သားခွန်ကျော်ဦး၊ မော်လမြိုင် ဟိန်းဇဲဒေသအခြေစိုက် စစ်ကောင် စီရေတပ် အမှတ်(၂)ဗျူဟာစစ်ရေယာဉ်စုက တပ်ကြပ် ညီညီလွင်တို့ ရန်ကုန်တိုင်းစစ်ဌာနဆီ လက်နက်မဲ့ အလင်း ဝင်ခဲ့ကြပါသေးတယ်။
အလားတူပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ရက်က သံတောင်ကြီးအခြေစိုက် စစ်ကောင်စီတိုက်ခိုက်ရေး သင်တန်းကျောင်းမှာ ခြေလျင်တပ်ရင်းမှူးသင်တန်းတက်ဖို့ ခရီးထွက်လာတဲ့ ထားဝယ်အခြေစိုက် အမှတ်(၁၂)တပ်မတော် ဆေးရုံက ပါရဂူသမားတော် ဗိုလ်မှူးထိန်တောက်ဆိုသူကို ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း ၅၁၀၂ က ပဲခူးတိုင်း အတွင်းမှာ ဖမ်းမိခဲ့ပါတယ်။
ဖမ်းမိခဲ့တဲ့ စစ်ကောင်စီဗိုလ်မှူးနဲ့ မိသားစုဝင်တွေကို လူ့အခွင့်အရေး၊ စစ်သုံ့ပန်းမူဝါဒတွေနဲ့အညီ ထိန်းသိမ်းထား သလို လက်နက်မဲ့ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ဂုဏ်ပြုဆုငွေတွေပေးအပ်ခဲ့တယ်လို့ ရန် ကုန်တိုင်းစစ်ဌာနကပြောပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ လက်နက်ချပြီး ပြည်သူနဲ့ပူးပေါင်းလိုတဲ့ စစ်ကောင်စီ တပ်သားတွေကို လက်ခံကြိုဆိုနေပြီး ဆုငွေတွေလည်း ပေးအပ်နေတယ်လို့ အသိပေးဖော်ပြထားပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရတော့ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာ နှစ်လတာအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီဗိုလ်ကြီး လေးဦး၊ရဲအုပ်နှစ်ဦးအပါအဝင် စစ်သားနဲ့ရဲ စုစုပေါင်း ၄၉ဦး ပြည်သူ့ရင်ခွင့် ခိုလှုံခဲ့တယ်လို့ ဆိုထားပါတယ်။
အဲ့ဒီလို ပူးပေါင်းလာသူတွေထဲမှာ လက်နက်နဲ့ ပူးပေါင်းလာသူတွေလည်းရှိကြတာကြောင့် စုစုပေါင်း လက်နက်မျိုး စုံ ၁၇လက်နဲ့ ခဲယမ်းမီးကျောက်တွေလည်းရရှိခဲ့ပြီး လက်နက်ယူလာသူတွေကို လက်နက်တန်ဖိုးအလိုက် သီးခြား ဆုကြေးတွေဂုဏ်ပြုငွေပေးအပ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။