စစ်အုပ်စုလက်အောက်ခံ ပျူစောထီးတွေအင်အားကောင်းတဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းက ရွှေဘို- မြစ်ကြီးနားလမ်းပေါ်မှာ ဒီကနေ့မနက်ပိုင်းက စစ်အုပ်စုကဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် ခရီးသည်တင် ကားပေါ်လိုက်ပါလာတဲ့ သံဃာတပါးပျံလွန်ကာ၊ ခရီးသည်သုံးဦးသေဆုံးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှား သူများအဖွဲ့က ပြောပါတယ်။
“သူတို့အထိုင်နေရာတွေကနေ စမ်းသပ်နေသလိုပေါ့၊ သူတို့ဦးတည်တာလည်းရွာတွေ၊ ရွာအနီးတဝိုက်တွေ၊ တချို့ရွာထဲတွေကျတယ်၊ ဒီလိုပဲဒရုန်းဗုံးသီးးကတောက်လျှောက်ချနေတာ၊ အခုက လမ်းကြောပေါ်ချတော့ ကားတွေက တခါတလေ ကားအရမ်းများရင်တန့်နေတာ၊ လမ်းပိတ်ရင်လည်း လေးငါးရက်လောက်တန့်နေတာမျိုးတွေရှိတယ်၊ အဲ့လို အချိန်မှာဗုံးသီးချတော့ခရီးသွားပြည်သူတွေအထိနာတာ”လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။
ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီနဲ့ပျူစောထီးတွေက မြို့နယ်တောင်ပိုင်း ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတနေရာကို ဒီကနေ့ မနက် ခုနစ်နာရီခွဲလောက်မှာ တကြိမ်၊နောက်ထပ် တနာရီ လောက်အကြာမှာတကြိမ် စုစုပေါင်း ဒရုန်းနဲ့ဗုံးသီးငါးလုံးချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒရုန်းပေါ်က ကြဲချတဲ့ဗုံးသီးတချို့ဟာ ငွေတိုးမန်း ခရီးသည်တင်ကားဘေးတည့်တည့်ကျ ရောက်ပေါက်ကွဲခဲ့တာ ကြောင့် ကားပေါ်ပါလာတဲ့ သံဃာတပါးပျံလွန်ပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦးသေဆုံးကာ နောက်ထပ် ခရီးသည်ဆယ်ဦးဒဏ်ရာရခဲ့သလို ကားနှစ်စီးလည်းပျက်စီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားပါတယ်။
သေဆုံးသူတွေဟာ ခရီးသွားတွေဖြစ်တာကြောင့် ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးဘဲ အချက်အလက် တွေစုံစမ်းနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက်ဆက် နိုဝင်ဘာ၁၆ရက်နဲ့ ၁၇ရက်တို့မှာလည်း စစ်ကောင်စီက ကန့်ဘလူမြို့နယ် အလယ်ခုံရွာ၊ ကျွန်းလှမြို့နယ် ရွာကုန်းကြီးရွာနဲ့လိပ်ဆင်းတောင်ရွာတို့ကို တိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာနဲ့ဗုံးကြဲလို့ ဒေသခံအမျိုးသားတဦးသေဆုံးကာ၊ နေအိမ်ကိုးလုံးနဲ့ ကားဝပ်ရှော့အလုပ်ရုံတခု၊ ကားရှစ်စီး၊ ဆိုင်ကယ်တစီးပျက်စီးခဲ့ပါသေးတယ်။
ဒီကနေ့ တိုက်ခိုက်မှုအပြင် စစ်ကောင်စီနဲ့ပျူစောထီးတွေက ကန့်ဘလူနဲ့ကျွန်းလှမြို့နယ်တွေအတွင်းလတ်တလော နှစ်ပတ်လောက်အတွင်း ဒရုန်းနဲ့ဗုံးသီး ချတိုက်ခိုက်တာ၊ မြေပြင်စစ်ကြောင်းထိုးတာ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ၊ ကျေးရွာတွေထဲက နေအိမ်မီးရှို့တာတွေ ဆက်တိုက်လုပ်နေတာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိက ပြောပါတယ်။
ဒါ့အပြင် ပျူစောထီးသင်တန်းတက်ဖို့အတွက် အတင်းအဓမ္မ လူသစ်စုဆောင်းမှုတွေလည်းရှိနေပြီး ဒေသခံ ၁၃၀ လောက်ကို ဖမ်းဆီးသွားတာ နှစ်ပတ်လောက်အထိ ရှိလာပေမယ့် ဒီကနေ့အထိ ပြန်လွတ်မလာသေးဘူးလို့လည်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောပါတယ်။
“ဒေသခံတွေကတော့ခက်တာပေါ့၊ ပြေးလိုက်လွှားဖြစ်ကုန်တာပေါ့၊ စစ်ကြောင်းထိုးလိုက်ရှောင်လိုက်၊ ပြန်ဝင်လာလိုက်၊ အဲ့ဒီလိုပဲနေရတာပေါ့၊ ဒီဘက်(ကန့်ဘလူ)ကတော့ အမြဲတမ်းအဲ့လိုပဲဖြစ်နေပါပြီ၊ ကျွန်းလှကတော့အဲ့ဒီလိုမျိုးမဖြစ်တာကြာပြီ၊အခုနှစ်ရက် ဆက်တိုက်လေကြောင်းတိုက်ခိုက်တာရှိလာမှ ရွာတွေထဲတချို့မနေရဲကြဘူးပေါ့”လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူကရှင်းပြပါတယ်။
စစ်အုပ်စုက အခုလို တိုက်ပွဲမရှိ၊စစ်ရေးလှုပ်ရှားမှုမရှိတဲ့နေရာတွေကို ပုံစံမျိုးစုံနဲ့ တိုက်ခိုက်မှုတွေလုပ်နေတာဟာ ဒေသခံပြည်သူတွေကို ကြောက်လန့်အောင် ခြိမ်းခြောက်ဖို့ရည်ရွယ်တဲ့တိုက်ခိုက်မှုတွေဖြစ်တယ်လို့ သူကရှုမြင်ပါ တယ်။
“သူတို့(စစ်ကောင်စီ)လေကြောင်းပစ်တာတို့ဘာတို့ဆိုထုံးစံအတိုင်းပဲ PDF နယ်မြေမို့ဆိုတဲ့ခေါင်းစဉ်ပဲတပ်တယ်၊ သေချာတာတခုကကျွန်မတို့ဘက်တွေမှာ ရွာတွေထဲမှာဘယ်PDF မှမနေဘူး၊သူတို့(စစ်ကောင်စီ)ကတော့ပြည်သူကို ပြည်သူလို့မမြင်ဘဲသူတို့လုပ်ချင်ရာလုပ်ပြီး တပ်ချင်တဲ့ခေါင်းစဉ်တပ်ပြီးမှ စည်းလွတ်ဝါးလွတ်လုပ်နေတာ”လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူကဝေဖန်ပါတယ်။