ထိုင်းအစိုးရရဲ့ ဘတ်နှစ်ဆယ်တန် သုံးလုံးထီ စတင်ရောင်းချ

အောက်တိုဘာ ၊ ၁၈

ထိုင်းအစိုးရပိုင် N3 လို့ခေါ်တဲ့ သုံးလုံးထီရဲ့ ရှေ့ပြေးအဆင့်ကို အောက်တိုဘာ ၁၇ရက်နေ့က အောင်မြင်စွာ စတင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါရှိပါတယ်။ ထိုင်းအစိုးရဲ့ ထီအသစ်ကို ဝယ်ယူဖို့ ထီလက်မှတ်အရောင်းဆိုင်တွေမှာ လူအများအပြား စုရုံးရောက်ရှိခဲ့ ကြတယ်လို့ ဆိုပါတယ်။

မနက် ၉နာရီခွဲမှာ N3 ထီလက်မှတ် လာဝယ်သူ သုံးဆယ်ကျော်ရှိတယ်လို့ ခရိုင်မြို့လယ် ဂျုံးဖောလ်လမ်းမပေါ်မှာရှိတဲ့ ထီဆိုင်တစ်ဆိုင်က ပိုင်ရှင်ဖြစ်သူ ထာစနီရာ သီဖွန်နက်က ပြောပါတယ်။

ဝယ်ယူတာနဲ့ ငွေပေးချေမှု အဆင့်တွေကို ဝယ်ယူသူတွေ နားလည်နိုင်ဖို့အတွက် Pao Tang အက်ပလီကေးရှင်းနဲ့ ချိတ်ဆက်ထားတဲ့ စမတ်တီဗီတစ်လုံးကို ဆိုင်မှာ တပ်ဆင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။ 

ဝယ်ယူသူအများအပြားက လက်ရှိထီနဲ့မတူဘဲ သုံးလုံးထီ N3 ထီကို ပိုနှစ်သက်တယ်လို့ အစီရင်ခံစာတွေအရ သိရပါတယ်။ ဝယ်ယူသူတွေဟာ မိမိတို့လိုချင်တဲ့ “locked numbers” တွေကို အကန့်အသတ်မရှိ ဝယ်ယူနိုင်လို့ပဲဖြစ်ပါတယ်။ 

မနေ့က စတင်ခဲ့တဲ့ သုံးလုံးထီ N3 ကို စမ်းသပ်ကာလအနေနဲ့ ခြောက်လ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပြီး  နိုဝင်ဘာ ၁ ရက်မှာ ပထမအကြိမ်အဖြစ် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 

အစိုးရထီရုံး (GLO)  ပြောရေးဆိုခွင့်ရှိသူ ထနာဝပ် ဖွန်ဝိချိုင်ရဲ့ ပြောကြားချက်အရ သုံးလုံးထီအတွက် သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းတာနဲ့ မှောင်ခိုဈေးကွက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

N3 လက်မှတ်တွေကို တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရထီရုံးတွေမှာ မှတ်ပုံတင်ထားတဲ့ ထီဆိုင် ၄၀၀ လုံးမှာ ဝယ်ယူရရှိနိုင်ပါတယ်။

ဝယ်ယူသူတွေက ဆိုင်တွေမှာ “၀၀၀” နဲ့ “၉၉၉” အကြား ဘယ်နံပါတ်ကိုမဆို ဒီဂျစ်တယ်ငွေပေးချေမှုနစ်ကနေတဆင့် ဝယ်ယူနိုင်ပြီး ဝယ်ယူထားတဲ့ လက်မှတ်တွေဟာ Pao Tang မိုဘိုင်းအက်ပလီကေးရှင်းမှာ ပေါ်လာမှာဖြစ်တယ်လို့ ထနာဝပ် ဖွန်ဝိချိုင်က ပြောပါတယ်။ 

လက်မှတ်တစ်စောင်ကို ဘတ် ၂၀ နဲ့ တစ်ကြိမ်မှာ လက်မှတ် ၁၀၀ အထိ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ပေါက်မဲနံပါတ်တွေကို အစိုးရထီရုံးကနေ တလနှစ်ကြိမ်ထုတ်ပြန်ပေးသွားမှာပါ။  

အစဉ်လိုက် ဂဏန်းသုံးလုံးတူ၊ ဂဏန်းသုံးလုံးတူ နေရာလွဲ ၊ အစဉ်လိုက် ဂဏန်းနှစ်လုံးတူနဲ့ အထူးဆုတွေ ဆိုပြီး ပေါက်မဲတွေကိုတော့ အမျိုးအစား ၄ခုခွဲခြားထားပါတယ်။

N3 ထီအတွက် ပထမအကြိမ် မဲနှိုက်တာကို နိုဝင်ဘာ ၁ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး ဆုရရှိသူတွေအနေနဲ့ Pao Tang အက်ပလီကေးရှင်းကနေတဆင့် မိမိတို့ဆုတွေကို တောင်းခံနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါစမ်းသပ်မှုအဆင့်မှာ N3 ထီနဲ့ပတ်သက်ပြီး အရောင်းအချက်အလက်တွေ ၊ စားသုံးသူဆိုင်ရာ အကျိုးသက်ရောက်မှုတွေနဲ့ အတွေ့အကြုံတွေကို ကောက်ယူစုဆောင်းသွားမှာ ဖြစ်တယ်လို့ မစ္စတာထနာဝပ်က ပြောကြားခဲ့ပါတယ်။

Ref: Bangkok Post