လေးကေ့ကော်က လက်ကျန် အမြောက်စခန်းကုန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

Photo – Cobra

အောက်တိုဘာ၊ ၁၇

တော်လှန်ရေးပူးပေါင်းတပ်တွေက လနဲ့ချီဝိုင်းပတ်ပိတ်ဆို့ထားတဲ့ လေးကေ့ကော်မြို့သစ်အနီးက နောက်ဆုံးလက် ကျန်စစ်ကောင်စီစခန်းဖြစ်တဲ့ စွယ်တော်ကုန်း(အမြောက်ကုန်း)ကို ဒီကနေ့မနက်ပိုင်းမှာ တော်လှန်ရေး တပ်ဖွဲ့ တွေက သိမ်းပိုက်လိုက်ပြီ လို့ သိရပါတယ်။

အဲ့ဒီစခန်းကုန်းပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တော်လှန်ရေးတပ်တွေရဲ့ဝန်းရံပိတ်ဆို့ထားမှုကြောင့် ဩ ဂုတ် လကတည်းက အစာရေစာနဲ့ တခြားထောက်ပို့ ပစ္စည်းတွေပြတ်တောက်နေခဲ့တာလို့ မြေပြင်စစ်ရေး သတင်း ရင်းမြစ်တွေက DNAကိုပြောထားပါတယ်။

“(ပိတ်ဆို့ထားတာ)လေးလလောက်တော့ရှိပြီ။ ပြီးခဲ့တဲ့တလလောက်တည်းက ဆိုလာရော၊ Jammer ရောပျက်တယ်၊ အခုရေစပြတ်တယ်၊ မိုးမရွာဘူးဆိုရင်တော့ ဒီကောင်တွေကြာကြာမခံနိုင်ဘူး”လို့ စွယ်တော်ကုန်း အခြေအနေနဲ့ပတ်သက်ပြီး မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ဩဂုတ်လကုန်ပိုင်းမှာ ပြောပါတယ်။

လက်ရှိ စခန်းသိမ်းပိုက်နိုင်မှုအခြေအနေကိုတော့ အသေးစိတ်မသိရသေးဘဲ Cobra စစ်ကြောင်းဘက်က ထုတ်ပြန်လာတဲ့ စခန်းသိမ်းမှတ်တမ်းဓာတ်ပုံတွေမှာတော့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိထားတာ တွေ့ရပါတယ်။

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့ KNU နဲ့ ပြည်နယ်အစိုးရတို့ ၂၀၁၅ ခုနှစ်က စတင်တည်ဆောက်ခဲ့တဲ့ လေးကေကော် မြို့သစ်မှာ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အဲ့ဒီနှစ်ကုန်ပိုင်းမှာ စစ်ကောင်စီတပ်တွေ မြို့ထဲ ဝင်ရောက်ဖမ်းဆီးမှုတွေလုပ်လာတဲ့နောက် နှစ်ဖက်တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီအချိန်ကတည်းက ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြရသလို လေးကေကော်ဒေသကိုလည်း စစ်ကောင်စီက ထိန်းချုပ်ခဲ့ပါတယ်။ အခုနှစ် ဧပြီလအတွင်း မြဝတီမြို့တဝိုက် မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲတွေရှိ လာ တဲ့နောက် လေးကေကော်ကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်တွေပြန်လည်အခြေချထိန်းချုပ်ဖို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်အတွင်း ရှေ့တန်းစစ်မြေပြင်တွေထဲက အရေးပါတဲ့ စခန်းတွေအပါအဝင် စစ်ကောင်စီစခန်းတွေကို KNU နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်တာတွေရှိသလို ကြာလရှည်ကြာဝန်းရံပိတ်ဆို့ထား တာကြောင့် စခန်းစွန့်ခွာထွက်ပြေးသွားတာတွေလည်းရှိနေပါတယ်။