အရပ်သား ခြောက်ဦး သတ်ဖြတ်ခံရမှု ဖြေရှင်းဖို့ KTLAကို ထားဝယ်ခရိုင်သပိတ်ကော်မတီ တောင်းဆို

Photo – ပေးပို့ (ပုံစာ – ကိုလှမြင့်ကို KTLA တပ်ဖွဲ့ဝင်တချို့ သတ်ဖြတ်နေစဥ်)

အောက်တိုဘာ၊ ၁၆ 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း ကော်သူးလေတပ်မတော်(KTLA)၊ ဆာကဆောတပ်မဟာ လက်အောက် ခံ တပ်ဖွဲ့ဝင်တွေက ဒေသခံအရပ်သား ခြောက်ဦးကို သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး KTLA တာဝန်ရှိသူတွေ အနေနဲ့ စုံစမ်းဖြေရှင်းဖို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က မနေ့က ထုတ်ပြန်တောင်းဆိုပါတယ်။ 

“သူတို့တပ်ဖွဲ့ဝင်တွေ ကျူးလွန်နေတာကို ဖော်ထုတ်အရေးယူတာ အခုထိမတွေ့လို့ ကျွန်တော်တို့က ပြည်သူတွေ သိအောင် လူသိရှင်ကြား ထုတ်ပြန်ပြီး တောင်းဆိုတာပါ၊ ထုတ်ပြန်ချက်ကိုလည်း သူတို့ ဌာနချုပ်အထိ ပေးပို့သွား မှာပါ”လို့ DDMSC ကော်မတီဝင်တဦးက DNA ကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က ထားဝယ်မြို့ပေါ်ကနေ ထားဝယ်အရှေ့တောဒေသတဝိုက်မှာ ခဲနဲ့သံထည် ပစ္စည်းတွေ လာဝယ်တဲ့ ဦးဆန်နီ၊ ဦးသန်းကြွယ်နဲ့ ဦးမြင့်လွင်တို့ သုံးဦးကို ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာမှာ KTLA၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၃) တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့တယ်လို့ DDMSC က ဆိုထားပါ တယ်။ 

အဲဒီနောက် လိုက်လံရှာဖွေရာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို  အောက်တိုဘာ ၈ ရက်နေ့ရောက်မှ KTLA၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၃)ရဲ့ စစ်ဆေးရေးဂိတ်အနီးတွေ့ရှိခဲ့ရတာလို့ လိုက်လံရှာဖွေပေးခဲ့တဲ့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပြောပြတာကို ကိုးကားပြီး DDMSC က ထုတ်ပြန်ထားပါတယ်။ 

“သူတို့ ဖမ်းပြီးနောက်မှာ အသတ်ခံလိုက်ရတဲ့ ကိစ္စကို သူတို့တာဝန်ယူရမှာပဲ” လို့လည်း DDMSC ကော်မတီဝင် က ပြောပါတယ်။ 

Delta News Agency က ကြည့်ရှုခဲ့ရတဲ့ဦးဆန်နီ၊ ဦးသန်းကြွယ်နဲ့ ဦးမြင့်လွင်တို့ရဲ့ ရုပ်အလောင်းဓာတ်ပုံတွေမှာတော့ မှောက်လျက်အနေအထားနဲ့ ပုပ်ပွနေတာကို တွေ့ရပြီး အဲထဲက တယောက်ကတော့ လက်ပြန်ကြိုးတုပ်ခံထားရပါတယ်။ 

“ခေါင်းလည်း ပစ်ထားတယ် လည်လည်း လှီးထားတယ်၊ ရောက်ချိန်ဆို ခေါင်းတွေပြားပြီး (အရည်) ပျော်ကျနေပြီ”လို့ အလောင်းတွေကို သင်္ဂြိုဟ်ပေးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကို ပြောထားပါတယ်။ 

အဲဒီအရပ်သား သုံးဦး ဖမ်းဆီးသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး KTLA ဆာကဆောတပ်မဟာ၊  တပ်ရင်း (၃) ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်ဒါးကေကတော့ သူတို့ KTLA တပ်ရင်း(၃)နဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ငြင်းဆိုထား ပါတယ်။

“ကျွန်တော်တို့ နယ်မြေထဲမှာ ဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့လည်း လိုက်ပြီးလေ့လာနေပါတယ်။ ဘယ်သူ၊ ဘယ်ဝါ ဘယ်တပ်ရင်းလည်း ဆိုတာကို” လို့ ဗိုလ်ဒါးကေက Dawei Watch သတင်းဌာနကို ပြောထားပါတယ်။ 

ဒါပေမယ့် ဒေသခံတွေနဲ့ အဲတဝိုက်လှုပ်ရှားတဲ့ နွေဦးတော်လှန်ရေး အင်အားစုတချို့ကတော့ သူတို့သုံးဦးဟာ KTLA၊ ဆာကဆောတပ်မဟာ၊  တပ်ရင်း (၃)က ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံခဲ့ရတာလို့ DNA ကို အတည်ပြုထားပါတယ်။ 

အလားတူပဲ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက် လုံးကြီးကျေးရွာက ရွှေ့ပြောင်း ရွှေအလုပ်သမား သုံးဦးကို အလုပ်သွားရာလမ်းမှာ KTLA တပ်ဖွဲ့ဝင်များက ဖမ်း ဆီး သတ်ဖြတ်ခဲ့တယ်လို့ DDMSC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

“အဲဒီသုံးယောက်ကိုတော့ သူတို့သတ်တယ်လို့ ဝန်ခံထားတယ်၊ ဒါပေမယ့် ကျူးလွန်တဲ့လူတွေကို ဘယ်လိုအရေး ယူလဲ ဘာညာမသိရပါဘူး၊ တာဝန်ရှိတယ်ဆိုတဲ့လူတွေကိုယ်တိုင်က လစ်လျူရှုထားလား မပြောတတ်ဘူး၊ အဲလို လုပ်နေလေ အောက်ခြေတပ်ဖွဲ့ဝင်တွေက လုပ်ချင်သလို လုပ်လေပဲ” လို့လည်း အထက်ပါ DDMSC ကော်မတီ ဝင်ကပြောပါတယ်။ 

သတ်ဖြတ်ခံရသူ သုံးဦးဖြစ်တဲ့ အသက် ၅၂ နှစ်အရွယ် ဦးကျော်အေး၊ အသက် ၃၈ နှစ်အရွယ် ကိုလှမြင့်နဲ့ အသက် ၂၂ နှစ်အရွယ် ကိုကျော်ဇောလင်းတို့ဟာ ပြီးခဲ့တဲ့ သုံးနှစ်လောက်ကမှ ပဲခူးတိုင်းထဲကနေ အလုပ်လုပ်ဖို့ ရွှေ့ပြောင်း လာကြသူတွေဖြစ်ပါတယ်။ 

KTLA ဆာကဆောတပ်မဟာ တာဝန်ရှိသူတဦးကတော့ သူတို့သုံးဦးဟာ စစ်ကောင်စီသတင်းပေးလုပ်လို့ KTLA ဆာကဆောတပ်မဟာ၊ တပ်ရင်း (၂)၊ တပ်ခွဲ (၅) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်လိုက်တာလို့ DNA ကို အတည်ပြုထားဖူးပါတယ်။ 

ဒါပေမယ့် DDMSC ဘက်ကတော့ အဲဒီသုံးဦးဟာ ဘယ်စစ်ကောင်စီတပ်ဖွဲ့နဲ့မှ ဆက်နွယ်မှုမရှိဘဲ သာမ န်လက်လုပ်လက်စား အလုပ်သမားတွေဖြစ်တယ်လို့ ဆိုထားပါတယ်။ 

အသတ်ခံရသူ သုံးဦးရဲ့ မိသားစုဝင်တွေ၊ အဲ့ဒီတဝိုက်လှုပ်ရှားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့နဲ့ ဒေသခံတွေကို Delta News Agency က ဆက်သွယ်မေးမြန်းရာမှာလည်း စစ်ကောင်စီသတင်းပေးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက် ကို ငြင်းဆိုပါတယ်။ 

သူတို့သုံးဦးထဲက ကိုလှမြင့်ကို သတ်ဖြတ်ခဲ့မှုမှာ ပါဝင်ခဲ့တယ်လို့ ကိုယ်တိုင်ထွက်ဆို ဝန်ခံထားတဲ့ KTLA တပ်ဖွဲ့ဝ င်တဦးကိုတော့ ဒေသအခြေစိုက် Spring Dhamma PDF က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ 

အဲဒီ KTLA တပ်ဖွဲ့ဝင် ဝန်ခံထွက်ဆိုထားတဲ့ ရုပ်သံမှတ်တမ်းနဲ့ ကိုလှမြင့်ကို KTLA တပ်ဖွဲ့ဝင်တချို့က ဓားနဲ့ ခုတ်ထစ်သတ်ဖြတ်နေတဲ့ ရုပ်သံမှတ်တမ်းတို့ကိုလည်း DNA က လက်ခံရရှိထားပါတယ်။ 

DDMSC ရဲ့ အခုလို ထုတ်ပြန်တောင်းဆိုတာနဲ့ ပတ်သက်ပြီး KTLA ဆာကဆောတပ်မဟာ တာဝန်ရှိသူတဦးကို DNA က ဆက်သွယ်မေးမြန်းထားပေမယ့် အဆက်အသွယ်မရသေးပါဘူး။ 

အရပ်သားခြောက်ဦး အခုလိုသတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်နှစ်ခုဟာ DDMSC အနေနဲ့ အချက်အလက်အခိုင်အမာ ရထားတဲ့ ဖြစ်စဥ်တွေသာဖြစ်ပြီး အချက်အလက်အတည်မပြုနိုင်သေးတဲ့ တခြားကျူးလွန်မှုတွေကိုလည်း အရပ် သားတွေအပေါ် KTLA တပ်ဖွဲ့ဝင်တချို့ ကျူးလွန်ထားတာရှိတယ်လို့လည်း DDMSC က ဆိုထားပါတယ်။ 

“ဒလန်လို့ စွပ်စွဲပြီး သတ်လိုက်တာတွေ၊ အမျိုးသမီးတယောက်ကို မုဒိမ်းကျင့်တာတွေ၊ အဲလိုတွေလည်းရှိ တယ် လို့ သိထားတယ်၊ အချက်အလက်မခိုင်မာသေးလို့ ထုတ်မပြောတာ၊ KTLA တာဝန်ရှိသူတွေအနေနဲ့ အရေးယူ မှုတွေ သေချာလုပ်ပေးစေချင်တယ်” လို့လည်း DDMSC ကော်မတီဝင်က ပြောပါတယ်။

KTLA ဆာကဆောတပ်မဟာ ဟာ ကော်သူးလေတပ်မတော်(KTLA)ရဲ့ လက်အောက်ခံဖြစ်ပြီး တနင်္သာရီတိုင်း အထူးသဖြင့် ထားဝယ်ဒေသမှာ အဓိက အခြေစိုက်လှုပ်ရှားပါတယ်။ 

KTLA ကိုတော့ KNU လက်အောက်ခံ KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးဆောင်ကာ ၂၀၂၂ခုနှစ် အတွင်း စတင်တည်ထောင်ခဲ့ပါတယ်။ထင်ရှားတဲ ကရင်တော်လှန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီး စော ဘိုမြရဲ့ သားတဦးဖြစ်တဲ့ စောနယ်ဒါးမြဟာ လက်ရှိနွေဦးတော်လှန်ရေးကာလအတွင်း လူ၂၅ဦး အစုအပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး KNDO ခေါင်းဆောင်တာဝန်ကနေ အနးပေးခံခဲ့ရတာပါ။

သတ်ဖြတ်ခံရသူ ၂၅ ဦးဟာ ဆောက်လုပ်ရေးလုပ်သားတွေလို့ စစ်ကောင်စီဘက်က ပြောဆိုမှုရှိထားပေမယ့် စောနယ်ဒါးမြကိုယ်တိုင်ကတော့ အဲ့ဒီအမျိုးသားတွေဟာ ဆောက်လုပ်ရေးလုပ်သားအသွင်ယူထားတဲ့ စစ် ကောင်စီတပ်ဖွဲ့တွေလို့ တုံ့ပြန်ထားကာ KNDO ခေါင်းဆောင်အဖြစ်ကနေ အနားပေးခံရမှုကိုလက်မခံဘဲ ကိုယ် တိုင်နှုတ်ထွက်တယ်လို့ ကြေညာခဲ့ပါတယ်။