တောင်ကိုရီးယားကို ချိတ်ဆက်ထားတဲ့ ကားလမ်းနဲ့ ရထားလမ်းတွေကို ပိတ်ပစ်မယ်လို့ မြောက်ကိုရီးယားပြော

Photo – AP

အောက်တိုဘာ ၊ ၁၀

အောက်တိုဘာ ၉ရက်နေ့ကစပြီး တောင်ကိုရီးယားနိုင်ငံဆီကို ချိတ်ဆက်ထားတဲ့ ကားလမ်းတွေနဲ့ ရထားလမ်းတွေကို လုံးဝဖြတ်တောက်သွားမှာဖြစ်ပြီး ဒါဟာ မိမိတို့ဘက်က  ဧရိယာကို အခိုင်အခံ ကာကွယ်တာ ဖြစ်တယ်လို့  မြောက်ကိုရီးယားစစ်တပ်က ပြောကြားကြောင်း နိုင်ငံပိုင် မီဒီယာ KCNA က ထုတ်ပြန်ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုကို တုံပြန်တဲ့အနေနဲ့ အခုလိုပြုလုပ်တာဖြစ်တယ်လို့ KCNA ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ တောင်ကိုရီးယားဟာ မဟာမိတ်အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။

မြောက်ကိုရီးယားဟာ အခုနှစ်အစောပိုင်းလတွေကတည်းက နယ်စပ်တလျောက်မှာ မြေမြုပ်မိုင်းတွေ ၊ တံတိုင်းတွေ တည်ဆောက်ထားတဲ့အပြင် မြေလွတ်မြေရိုင်းတွေကိုလည်း ဖော်ဆောင်ထားတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြီးခဲ့တဲ့ ဇူလိုင်လက ပြောခဲ့ပါတယ်။

ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ နယ်နိမိတ်မျဉ်းအနီး ဖြစ်ပေါ်လာတဲ့ ဒီဖြစ်စဉ်က နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုတင်းမာလာတယ်ဆိုတာကို ဖော်ပြနေပါတယ်။

တောင်မြောက် နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန် (DMZ)အရေးတွေကို ကြီးကြပ်နေတဲ့ အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂကွပ်ကဲမှုအဖွဲ့ (UNC)ကိုလည်း အဆိုပါကိစ္စနဲ့ ပတ်သတ်လို့ အကြောင်းကြားထားတယ်လို့ တောင်ကိုရီးယားက ဆိုပါတယ်။

၁၉၅၃ခုနှစ် မှာ ကိုရီးယားစစ်ပွဲ အဆုံးသတ်ခဲ့တယ်ဆိုပေမဲ့လည်း အခုအချိန်ထိ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့တာ မရှိတာကြောင့် မြောက်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြား စစ်ဖြစ်နေဆဲအခြေအနေထဲမှာ ရှိနေတာ ဖြစ်ပါတယ်။

Ref – Japan Times