စက်တင်ဘာ၊ ၃၀
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိရာ အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖက်က စစ်ကူဆက်တိုက်ပို့နေရကာ ထိခိုက်သေဆုံးမူများနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အမ်းမြို့နဲ့ ဆယ်မိုင်နီးပါးသာကွာဝေးတဲ့ ကျောက်စကွဲရွာအနီးရှိ မဲတောင်ဗျူဟာကုန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဖြတ်တောက်ထားတယ်လို့ဆိုပါတယ်။
“မဲတောင်မှာ တိုက်ပွဲပြင်းနေတာ တပတ်ကျော်လောက်ရှိပြီ၊ စစ်ကူလာတဲ့ကောင်တွေလည်း တော်တော်သေတယ်၊ လှည့်ပြန်ရတယ်၊ အရာရှိတွေပါ ထိတယ်”လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က DNA ကို ပြောပါတယ်။
စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းတွေကနေ စုပေါင်းထားတဲ့ စစ်ကောင်စီတပ်သားတွေကို မဲတောင်ဗျူဟာတိုက်ပွဲကို စစ်ကူပို့နေတာဖြစ်ပြီး အကျအဆုံးတွေနဲ့ နောက်ဆုတ်သွားခဲ့ရတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
မနေ့က စက်တင်ဘာ ၂၉ ရက်နေ့ကလည်း မဲတောင်ဝန်းကျင်အနီးကနေ ပစ်ခတ်သံတွေ တက်ရက်လုံးနီး ကြားခဲ့ရတယ်လို့ ကဇုကိုင်းရွာသားတဦးက ပြောပါတယ်။
အခုတိုက်ပွဲဖြစ်နေတဲ့ မဲတောင်ဗျူဟာ၀န်းကျင်ဟာ စစ်တွေ – အမ်း ကားလမ်းမပေါ် တည်ရှိတာဖြစ်ပါတယ်။
“ကဇုကိုင်းလည်းရထားပြီ၊ မဲတောင်ပါရရင်တော့ အမ်းမြို့ထဲ နပခထဲ လမ်းပွင့်သွားပြီ၊ အဲဒါကြောင့်လည်း စစ်ကောင်စီက အသည်းအသန်ခုခံနေတာ”လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ မဲတောင်ဗျုဟာကုန်းကို AA က ဝိုင်း၀န်းပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကူတွေကိုလည်း ဖြတ်တောက်ထားနိုင်တာမို့ မကြာခင်အပြီးပြတ်သိမ်းနိုင်တော့မယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မြို့နဲ့ နပခကို ကာရံပိတ်ဆို့ထားတဲ့ ကဇုကိုင်း(တောဟိန်းတောင်)ဗျူဟာတိုက်ခိုက်ခံနေရချိန် ဧပြီလအတွင်းမှာပဲ ယခင်က အင်အားအနည်းငယ်သာ ရှိတဲ့ မဲတောင်စခန်းကို အင်အားရာချီ ထပ်တိုးချထားခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။
အင်အားရာချီနဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ တောဟိန်းတောင်ဗျူဟာကုန်းကို AA က ပြီးခဲ့ဇွန်တတိယပတ်မှာ သိမ်းပိုက်ရရှိခဲ့ပြီး မဲတောင်စခန်းကို ဆက်လက်တိုက်ခိုက်နေခဲ့တာပါ။
AA ဟာ အဲဒီမဲတောင်စခန်းကိုပါ ထပ်မံသိမ်းပိုက်ပြီးရင်တော့ မြို့နဲ့ တိုင်းစစ်ဌာနချုပ်တို့ကို အလုံးအရင်းနဲ့ ၀ငျရောကျထိုးစဈဆငျလာနိုငျတယျလို့ စစ်ရေးနီးစပ်သူတွေက သုံးသပ်ကြပါတယ်။
တိုင်းစစ်ဌာနချုပ်(နပခ)အထိုင်ချထားတဲ့ အမ်းမြို့မှာ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၅) လက်အောက်ခံ ခြေမြန်တပ်ရင်း ၃၇၁၊ ၃၇၂၊ ၃၇၃ နဲ့ အမြောက်တပ် ၃၇၄ တို့ အခြေစိုက်ပြီး လက်ရုံးတပ်တွေအပါဝင် တပ်ရင်း၊ တပ်ခွဲ တဆယ်ကျော် ရှိပါတယ်။
AA ဟာ ပြီးခဲ့တဲ့ မတ်လဆန်းက စပြီး အမ်းမြို့နယ်အတွင်း ထိုးစစ်တွေ စလုပ်ခဲ့ကာ အမ်း – တပ်တောင်ကားလမ်းပေါ်ရှိ တပ်ရင်းတွေနဲ့ အမ်း – ပဒါန်းလမ်း ရိုးမပေါ်ရှိ ရှေ့တန်းစစ်ကြောင်းတွေကိုလည်း ထိုးစစ်ဆင်၊ တိုက်ခိုက်ကာ ပြည်မဖက်ကနေ စစ်ကူမလာနိုင်အောင် ဖြတ်တောက်ထားပါတယ်။
“နပခတခုလုံးကတော့ လေကြောင်းကလွဲရင် စစ်ကူလာလို့မရတော့ဘူး၊ ရိုးပေါ်မှာလည်း ကိုယ့်ဖက်(AA)ကရော၊ မဟာမိတ်တွေရော ရှိတယ်”လို့ အမ်းမြို့နယ်မှ နောက်ထပ် ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
တပ်စစ်ကောင်စီတပ်ဟာ နပခနဲ့ တပ်ရင်း၊ တပ်စခန်းတွေ ၀နျးရံပိတျဆို့ခံနရေခြိနျ မြို့ပေါ်နေ ပြည်သူတွေကို မြို့ပြင်ထွက်ခွင့် ပိတ်ပင်ထားပြီး ရိက္ခာဖြတ်တောက်ထားတာကြောင့် မြို့ပေါ်မှာ ဆန်နဲ့ စားနှပ်ရိက္ခာတွေ ရှားပါးကာ ငတ်မွတ်သူတွေတောင် ရှိနေတယ်လို့ မြို့ခံတွေက ပြောထားပါတယ်။
အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၉ ၊ ၂၀၂၀ တိုက်ပွဲကာလတွေကတည်းက AA နဲ့ စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေခဲ့တာဖြစ်ပြီး အခုတကျော့ပြန်တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်က ရှေ့တန်းတပ်စခန်းအများစုကို ဆုပ်ခွာရုပ်သိမ်းခဲ့ကာ တပ်ရင်းဌာနချုပ်တွေနဲ့ မြို့ပေါ် နပခတို့မှာ စုပေါင်းထားတာ တွေ့ရပါတယ်။
ရခိုင်ပြည်နယ်ရဲ့မြို့နယ်ထက်၀က်ကျော်ကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော်(AA)ဟာ စစ်တွေအပါအ၀င် ကျန်မြို့နယ်အားလုံးရှိ စစ်ကောင်စီတပ်စခန်းတွေကို ပိတ်ဆို့ထားပြီး တခုမကျန် တိုက်ခိုက်သွားမယ်လို့ သတိပေးထားပါတယ်။