သန်းခေါင်စာရင်းကောက်ယူမှု စတင်တော့မှာဖြစ်လို့ ရေဘေးသင့်သူတွေကို အမြန်ဆုံးနေရပ်ပြန်ပို့ဖို့ စစ်ခေါင်းဆောင် တွန်းအားပေး

Photo – MOI

စက်တင်ဘာ၊ ၁၈

လာမယ့် အောက်တိုဘာ ၁ရက်မှာ လူဦးရေနဲ့သန်းခေါင်စာရင်းကောက်ယူမှုစတင်တော့မှာဖြစ်လို့ ကယ်ဆယ်ရေး စခန်းတွေမှာခိုလှုံနေကြတဲ့ ရေဘေးသင့်ပြည်သူတွေအမြန်ဆုံးနေရပ်ပြန်နိုင်အောင်ဆောင်ရွက်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က သူ့လက်အောက်ခံတွေကို မနေ့ကပြုလုပ်တဲ့အစည်းအဝေးမှာတွန်းအားပေးလိုက်ပါတယ်။

စစ်ကောင်စီထုတ်ပြန်တဲ့ စာရင်းတွေအရပဲ နိုင်ငံအနှံ့မိသားစုသိန်းချီရေဘေးသင့်နေချိန်မှာ စစ်ခေါင်းဆောင်က သန်းခေါင်စာရင်းကောက်ယူမှုကို ရွေ့ဆိုင်းထားဖို့ပြောဆိုတာမရှိဘဲ ရေဘေးသင့်ပြည်သူတွေကို နေရပ်အမြန် ပြန် ပို့ဖို့ကိုသာ တွန်းအားပေးခဲ့တာဖြစ်ပါတယ်။

အခုလလယ်ပိုင်းအတွင်း နေပြည်တောင်ကောင်စီနယ်မြေထဲက မြို့နယ်တချို့အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေ၊ရှမ်းပြည်နယ် အရှေ့ပိုင်း၊တောင်ပိုင်းဒေသတွေနဲ့ မကွေး၊မန္တလေး၊ပဲခူးတိုင်းမြေလတ်ဒေသတွေမှာ မိုးရေ ချိန်များပြီး ရုတ်တရက် ရေကြီးနစ်မြှုပ်မှုတွေဖြစ်ခဲ့တာကြောင့် လူဦးရေရာချီသေဆုံးကာ အိုးအိမ်၊အဆောက်အအုံ အများအပြား ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီကတော့ အဲ့ဒီရေကြီးနစ်မြုပ်မှုတွေကြောင့် နိုင်ငံတဝန်းရေဘေးသင့်ဒေသတွေမှာ သေဆုံးသူ စုစုပေါင်း ၂၂၆ဦးနဲ့ ပျောက်ဆုံးနေသူ ၇၇ဦး၊ရေစီးနဲ့မျောပါသူ ၁၂ဦး၊ဒဏ်ရာရသူ ၄၇ဦးရှိတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ရေကြီးနစ်မြုပ်မှုနဲ့ မြေပြိုမှုတွေကြောင့် နေအိမ် ၁၉၀၀ကျော် လုံးဝပျက်စီးခဲ့ကာ တစိတ်တပိုင်းပျက်စီးတဲ့ နေအိမ် နှစ်ရာကျော်၊ရေဝင်နစ်မြုပ်တဲ့နေအိမ် ၁၅၈၃၄၃ လုံး ရှိပြီး ရေဘေးသင့်ပြည်သူစုစုပေါင်းလေးသိန်းဝန်း ကျင်လောက်ကယ်ဆယ်ရေးစခန်းတွေနဲ့ ဆွေမျိုးတွေနေအိမ်မှာ ခိုလှုံနေကြရတယ်လို့လည်းဆိုပါတယ်။

ရေဘေးသင့်ခဲ့တဲ့ ဒေသတွေက ဒေသခံတွေနဲ့ မြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေကတော့ စစ်ကောင်စီထုတ် ပြန်ထားတဲ့ စာရင်းတွေဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲမှုရှိနိုင်ပြီး လက်တွေ့မှာ ရေဘေးသင့်ကြောင့် သေဆုံး ထိ ခိုက်မှုကိန်းဂဏန်းတွေပိုမိုများပြားနိုင်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။

လက်ရှိ ရေဘေးသင့်ဒေသတွေထဲ ရွာလုံးကျွတ်နေအိမ်အဆောက်အအုံတွေ နစ်မြုပ်ပျက်စီးသွားတဲ့ရွာတွေ၊ တောင် ပြိုလို့ တရွာလုံးမြေသားတွေအောက်ရောက်သွားတဲ့ ရွာတွေပါရှိနေပြီး ရေကျသွားချိန်အထိ စား၊ဝတ်၊နေရေးအခက် တွေ့နေသူ အများအပြားရှိနေတာပါ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့ အရင်စစ်အစိုးရလက်ထက်တုန်းကလည်း နာဂစ်မုန်တိုင်းတိုက်ခတ်မှုကြောင့် နိုင်ငံ အတွင်း သေဆုံးထိခိုက်ပျက်စီးမှုဆိုးဆိုးရွားရွားကြုံနေရချိန် ၂၀၀၈ခုနှစ်မေလအတွင်း စစ်အစိုးရရေးဆွဲတဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပခဲ့ပါတယ်။

နာဂစ်မုန်တိုင်းအပြီးရက်ပိုင်းအတွင်း ကျင်းပခဲ့တဲ့ အဲ့ဒီဆန္ဒခံယူပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမဲပေးသူ ၉၂ရာခိုင်နှုန်းကျော်အထိရှိတယ်လို့ စစ်အစိုးရကကြေညာကာ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုအသက်သွင်းခဲ့ တာဖြစ်ပါတယ်။

မနေ့က အစည်းအဝေးအတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်က လက်ရှိသဘာဝဘေးကြုံရတဲ့ဖြစ်ရပ်ကို သင်ခန်း စာယူပြီး ပြုပြင်ဆောင်ရွက်ရမယ့် ကိစ္စတွေကိုပြုပြင်ဖို့ပြောသလို ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကို အလွန် ဆုံး ခြောက်လအတွင်းပြီးစီးအောင်ဆောင်ရွက်ဖို့ သူ့လက်အောက်ခံတွေကိုညွှန်ကြားပါတယ်။

အခုလိုနိုင်ငံတဝန်း မိုးကြီး၊ရေလျှံပြီး သဘောဝဘေး ဆိုးဆိုးရွားရွားကြုံတွေ့မယ်ဆိုတာကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ ခြင်းမရှိဘူးလို့လည်း မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က ဝန်ခံပြောဆိုပါတယ်။

တိုင်ဖွန်းမုန်တိုင်း ရာဂိနဲ့ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းတို့ရဲ့ သက်ရောက် မှု တွေကြောင့် မြန်မာနိုင်ငံအတွင်း မိုးရွာသွန်းမှုတွေဖြစ်လာမှာကို သိပေမယ့် အခုလောက်အတိုင်းအတာအထိ ဖြစ် လာမယ်ဆိုတာကိုတော့ မမျှော်မှန်းခဲ့ဘူးလို့ သူကပြောပါတယ်။