မိုးများပြီးတောင်ကျရေတွေဆင်းနေတာကြောင့် တောတောင်ထဲက ပအိုဝ်းစစ်ရှောင်ထောင်ချီ နေရေး၊စားရေး အကူအညီတွေလိုအပ်နေ 

Photo – PNLA

စက်တင်ဘာ၊ ၁၀

အခုရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက် မိုးဆက်တိုက်ရွာသွန်းနေပြီး တောင်ကျရေတွေ ဆင်းနေတာကြောင့် ပအိုဝ်း ဒေသအတွင်း တောထောင်ထဲနေထိုင်ရတဲ့ စစ်ဘေးရှောင်ထောင်ချီ နေရေး၊စားရေး အကူအညီတွေ လိုအပ်နေ တယ်လို့ သိရပါတယ်။

“စစ်ရှောင်တွေက တောထဲမှာတဲတွေနဲ့နေတာဆိုတော့ တဲတွေပျက်ကြတာပေါ့၊မိုးတအားရွာတော့၊ တဲတွေပြန် ဆောက်ရမှာတွေအများကြီးဖြစ်ကုန်တယ်၊အများစုကမိုးမလုံကြဘူး၊မိုးတွေဆက်တိုက်ရွာ၊တောင်ကျရေတွေတအားကြီးတော့ စစ်ရှောင်တဲတွေကပျက်စီးကုန်တာများတယ်”လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက DNAကိုပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသအတွင်းတိုက်ပွဲတွေနဲ့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးသတ်ဖြတ် တာ၊ ဖမ်းဆီးခြိမ်းခြောက်တာတွေကြောင့် ပအိုဝ်းဒေသခံတွေနဲ့ ကရင်နီဒေသခံတွေဟာ တောတောင်တွေထဲ တဲထိုးတာ၊ လှိုဏ်ဂူတွေထဲနေထိုင်တာမျိုးတွေနဲ့ ဖြစ်သလို နေထိုင်နေကြရတာပါ။

“(ပျက်စီးသွားတဲ့တဲတွေကို)သူတို့ဘယ်လိုပြန်ဆောက်ကြမလဲတော့ ကျွန်တော်လည်းမတွေးပေးတတ်ဘူး၊အမိုး အကာလည်းမရှိ၊ဘာမရှိနဲ့ ဒုက္ခကတော့များနေကြတယ်”လို့ ခွန်းရိန်းယံကဆိုပါတယ်။

အဲ့ဒီလိုနေထိုင်နေကြတဲ့ စစ်ရှောင်လူဦးရေ သုံးသောင်းလောက်ရှိနိုင်တယ်လို့ ခွန်ရိန်းယံက DNAကိုပြောထား ပါတယ်။ အရင်ကတည်းက အကူအညီတွေလိုအပ်နေကြတဲ့ စစ်ရှောင်တွေဟာ လတ်တလောမှာတော့ ယာဂီမုန် တိုင်း အရှိန် ကြောင့် နေ့စဉ်ရက်ဆက်မိုးများတာ၊တောင်ကျရေစီးဆင်းလာတာတွေနဲ့ထပ်ပြီး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အခုရက်ပိုင်းအတွက်း ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းမြို့နယ်တွေမှာမိုးများတာကြောင့် မြို့ပေါ်ရပ်ကွက် တွေမှာပါ ရေကြီး၊ရေလျှံမှုတွေနဲ့ ကြုံနေရပါတယ်။ဒါ့အပြင် တောတောင်ထဲက စစ်ဘေးရှောင်တွေဆီ တိုက်ရိုက် လာရောက်ကူညီနိုင်တဲ့ ဒေသတွင်းအရပ်ဘက် အဖွဲ့အစည်းတွေလည်း မရှိဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့ပအိုဝ်းဒေသရှမ်းတောင်မှာက အရပ်ဘက်အဖွဲ့အစည်းတွေကလည်း မြေပြင်မှာဆင်းပြီးကူနိုင်တဲ့ အနေအထားမရှိဘူး၊မြေပြင်မှာကူညီနိုင်တာဆိုလို့ ကျွန်တော်တို့နယ်မြေမှာ ကျွန်တော်တို့ပဲရှိသေးတယ်”လို့ ခွန်ရိန်းယံက ဆက်ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသအတွင်း ဆီဆိုင်မြို့မှာ အခုနှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီနဲ့ PNLA အပါ အဝင် တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ခဲ့တဲ့နောက် လက်ရှိအချိန်အထိ ဒေသခံ တသိန်းဝန်းကျင် လောက်နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာလည်း စစ်ကောင်စီရဲ့လေကြောင်း၊လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပအိုဝ်းဒေသခံ သုံးထောင်ကျော် တောတောင်ထဲ ထပ်မံတိမ်းရှောင်လာရသလို စစ်ကောင်စီနဲ့ PNOပြည် သူ့စစ် တွေက စစ်ရှောင်တွေခိုလှုံနေကြတဲ့ဆီဆိုင်မြို့နယ် အရှေ့ဘက်ဒေသတွေဆီ စားသောက်ကုန်နဲ့လူသုံးကုန်တွေ သယ်ယူခွင့် လည်းပိတ်ဆို့ ထား တယ်လို့ သိရပါတယ်။

စစ်ရှောင်လူဦးရေသုံးသောင်းဝန်းကျင်လောက်ကတော့ တောတောင်တွေထဲ ဖြစ်သလို နေထိုင်ကြရပြီး ကူညီပေး မယ့် အရပ်ဘက် အဖွဲ့အစည်းတွေလည်း မြေပြင်အထိ လာရောက်ကူညီနိုင်တဲ့အခြေအနေမရှိတာကြောင့် PNLA ကပဲ စစ်ဘေးရှောင်ကူညီရေးကော်မတီဖွဲ့စည်းပြီး ကူညီပေးနေရတယ်လို့သိရပါတယ်။

“ကရင်နီကနေလာပြီးတော့မှစစ်ဘေးရှောင်နေတဲ့ ကရင်နီပြည်သူတွေလည်းရှိတယ်၊ ပအိုဝ်း ပြည်သူတွေလည်းရှိ တယ်၊စစ်ရှောင်သောင်းနဲ့ချီနေတော့အခက်အခဲတွေလိုအပ်မှုတွေအများကြီးရှိနေပါတယ်၊ဒါကြောင့်ကျွန်တော်တို့နဲ့ တိုက်ရိုက်ဆက်သွယ်ပြီးတော့ စစ်ဘေးရှောင်ပြည်သူတွေအတွက်ကူညီပေးလို့ရပါတယ်၊ ကျွန်တော်တို့တဖွဲ့တည်း အနေနဲ့ကလည်း လုပ်နိုင်စွမ်းက အကန့်အသတ်ရှိနေပါတယ်”လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါ တယ်။