စက်တင်ဘာ၊ ၆
အခုနှစ်အတွင်း ကမ္ဘာပေါ်မှာ ဖြစ်ပေါ်လာဖူးသမျှ အင်အားအပြင်းဆုံး မုန်တိုင်းကြီး တခုဟာ တရုတ်တောင်ပိုင်း ကမ်းရိုးတန်းဆီ ဦးတည် ချဉ်းကပ်လာတာကြောင့် ဒေသခံတွေဟာ အရေးပေါ် ပြင်ဆင်မှုတွေ လုပ်ဆောင်နေရပါတယ်။
စူပါတိုင်ဖွန်းအဆင့် သတ်မှတ်ထားတဲ့ ယာဂီဟာ စက်တင်ဘာ ၆ ရက် ညပိုင်းလောက်မှာ တရုတ်ရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း စည်ကား ဖွံ့ဖြိုးရာ ဟိုင်နန်ကျွန်းတဝိုက်ကို ဖြတ်ကျော်ပြီး ကုန်းတွင်းဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းမဝင်ရောက်ခင် ကတည်းက ဟိုင်နန်နဲ့ အနီးတဝိုက် ဒေသတွေမှာ ကူးတို့ရေယာဉ်တွေ၊ ရထားတွေနဲ့ လေယာဉ်တွေ ပျံသန်းပြေးဆွဲမှုကို ၂ ရက်ဆက်တိုက် ပိတ်ထားခဲ့သလို ကျောင်းတွေကိုလည်း စက်တင်ဘာ ၅ ရက်ရော၊ ၆ ရက်မှာပါ ပိတ်ထားပါတယ်။
စူပါတိုင်ဖွန်း ယာဂီဟာ ဖိလစ်ပိုင်မှာ လူ ၁၃ ဦးထက်မနည်း သေဆုံးတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်စေအပြီး ပင်လယ်ပြင်မှာ နှစ်ဆလောက် အင်အားပိုကောင်းလာရင်း အနောက်ဖက်ကို ရွေ့လျားလာခဲ့ပါတယ်။ မုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ ဗဟိုချက်နားမှာ တနာရီ ၂၄၀ ကီလိုမီတာလောက်ထိ ပြင်းထန်နေပြီး ဟိုင်နန်ကို အကြီးအကျယ် ထိခိုက် ပျက်စီးမှုတွေ ကြုံတွေ့သွားစေနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။
အင်ဒို-ပစိဖိတ် အပူပိုင်း ဆိုင်ကလုန်း သတိပေးရေး စင်တာကလည်း ယာဂီဟာ အရမ်းအန္တရာယ်ကြီးပြီး အားကောင်းလွန်းတဲ့ မုန်တိုင်းတခု ဖြစ်တာကြောင့် ဆိုးရွားကြမ်းတမ်းတဲ့ သက်ရောက်မှုတွေ ပေါ်ပေါက်လာစေနိုင်တယ်လို့ ကြေညာထားပါတယ်။
စူပါတိုင်ဖွန်း ဆိုတာဟာ တနည်းအားဖြင့်တော့ Category 5အဆင့် တိုင်ဖွန်းမုန်တိုင်းကြီးနဲ့ ဖျက်ဆီးအား တူညီတဲ့ သဘောပါပဲ။
ဟိုင်နန်ဟာ သာယာတဲ့ သဲသောင်ကမ်းခြေတွေနဲ့ ကြည်လင်တောက်ပတဲ့ ပင်လယ်ရေတို့ကြောင့် နာမည်ကျော်တဲ့ ဒေသတခုဖြစ်ပြီး တိုင်ဖွန်းတွေ တိုက်ခတ်မှုနဲ့တော့ မစိမ်းလှပါဘူး။ ဒါပေမဲ့ ၁၉၄၉ ခုနှစ်ကစလို့ ဟိုင်နန်မှာ ကြုံဖူးခဲ့တဲ့ စုစုပေါင်း တိုင်ဖွန်းမုန်တိုင်း ၁၀၆ ခုထဲမှာ စူပါတိုင်ဖွန်း အဆင့်က ၉ ခုသာ ပါဝင်ခဲ့ဖူးတယ်လို့ သိရပါတယ်။
Ref: CNA