သြဂုတ်၊ ၃၁
စစ်ကောင်စီဖမ်းဆီးထားတဲ့ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာဒေသခံတရာကျော်ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခဲ့တယ်လို့ မိသားစု၀င်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ စစ်တွေမြို့အနီးဗျိုင်းဖြူရွာထဲကို စစ်ကြောင်းထိုး၀င်ရောက်ကာ ရွာသား ရှစ်ဆယ်နီးပါးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပြီး နောက်ထပ်ရွာသား ငါးရာ၀န်းကျင်ကိုပါ လနဲ့ချီအကြာ ဖမ်းဆီးစစ်ကြောနေခဲ့တာပါ။
မနေ့က ဩဂုတ်လ ၃၀ ရက်နေ့မှာတော့ အဲဒီထဲက လူတရာကျော်ကို စစ်တွေအကျဉ်းထောင်တရားရုံးကနေ ထောင် ဒဏ် အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
“ထောင်ပြင်ကနေ စောင့်နေရတယ်၊ အမိန့်ချတာအထဲကို မ၀င်ရဘူး၊ သုံးနှစ်ချတယ်လို့ပဲ သိရတယ်၊ ဖမ်းချင်သလို ဖမ်းပြီး လုပ်ချင်သလို လုပ်တာ ပြောစရာစကားတောင် မရှိတော့ပါဘူး”လို့ ဗျိုင်းဖြူရွာမှ ဖမ်းဆီး၊ ထောင်ချခံရသူတဦးရဲ့ ညီမဖြစ်သူက DNA ကို ပြောပါတယ်။
စစ်ကောင်စီဟာ ဗျိုင်းဖြူရွာသား ရာချီကို ပြီးခဲ့တဲ့ သုံးလကျော် မေလ ၂၉ ရက်နေ့ကတည်းက ဖမ်းဆီးထားခဲ့တာဖြစ်ပြီး အချို့ကို ပြန်လွှတ်ခဲ့ပေမယ့် ကျန်နှစ်ရာ၀န်းကျင်ကိုတော့ ဆက်လက်ဖမ်းဆီးထားကာ ထောင်ဒဏ်အမိန့်တွေ ချမှတ်နေတာဖြစ်ပါတယ်။
အခု ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတွေကို စစ်တွေခရိုင်တရားရုံးမှာ ရုံးချိန်နှစ်ကြိမ်သာ စစ်ဆေးခဲ့ပြီး ကျန်ရုံးချိန်တွေကိုတော့ ထောင်တွင်းတရားရုံးမှာသာ မိသားစုတွေကို ဝင်ရောက်နားထောင်ခွင့် မပေးဘဲ စစ်ဆေးခဲ့တယ်လို့ မိသားစု၀င်တွေက ပြောပါတယ်။
“နှစ်ခေါက်ပဲ တွေ့ခဲ့ရတယ်၊ မနေ့ကလည်း အထဲက လက်ပြတာပဲ မြင်လိုက်ရတယ်၊ တကယ်ဆို သူတို့မှာ ဘာအ ပြစ်မှ မရှိဘူး”လို့ နောက်ထပ် ထောင်ဒဏ်ချခံရသူတဦးရဲ့ မိသားစု၀င်တဦးက ပြောပါတယ်။
မနေ့က ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတွေထဲ အသက်မပြည့်သေးသူတွေနဲ့ ငါးဆယ်ကျော်၊ ခြောက်ဆယ်၀န်းကျင် သက်ကြီးပိုင်းအရွယ်တွေလည်း ပါ၀င်တယ်လို့ ဗျိုင်းဖြူရွာသားတွေက ပြောပါတယ်။
အခုလိုထောင်ဒဏ်ချမှတ်ခံရသူတွေအပြင် နောက်ထပ် မိသားစုနဲ့ အဆက်အသွယ်မရဘဲ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံထားရသူတွေလည်း ရာဂဏန်းရှိနေသေးတယ်လို့ ရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီးရွယ်အိုတွေပါမကျန် ဗျိုင်းဖြူတရွာလုံးမှ ပြည်သူတွေကို ဖမ်းဆီးခဲ့ပြီး သုံးရက်အတွင်း ၇၆ ဦးကို သတ်ဖြတ်ခဲ့ကာ ဖမ်းဆီးစစ်ဆေးနေစဉ် စစ်ကြောရေးအတွင်း ရိုက်နှက်ဒဏ်ကြောင့် သေဆုံးရသူဟာလည်း နှစ်ဦးထက်မနည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးတွင်း ရိုက်နှက်နှိပ်စက်မှုဒဏ်ကြောင့် အသက်မပြည့်သေးတဲ့ကလေးတွေအပါအ၀င် ဆယ်ချီဟာလည်း ဆေးရုံတက်ကုသခဲ့ကြရတယ်လို့ မိသားစု၀င်တွေနဲ့ ရွာသားတွေက DNA ကို ပြောထားပါတယ်။
စစ်ကောင်စီဟာ ဗျိုင်းဖြူရွာမှ အမျိုးသားတွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ ထောင်ဒဏ် ချမှတ်တာတွေ လုပ်နေတဲ့အပြင် အမျိုးသမီးနဲ့ ကလေးငယ်တွေကိုလည်း ရွာမှာ နေခွင့်မပေးဘဲ မြို့တွင်း ပို့ဆောင်၊ ပိတ်လှောင်ထားပါတယ်။
“ဘယ်မှသွားလို့လည်း မရ၊ စောင့်ကြည့်တာလည်း ခံနေရတယ်၊ ရန်ကုန်ဖက် သွားဖို့လည်း ပိုက်ဆံက မတတ်နိုင်ဘူး”လို့ ရွာမှ နှင်ထုတ်ခံခဲ့ရပြီး စစ်တွေမြို့ပေါ်မှ နေထိုင်နေတဲ့ ဗျိုင်းဖြူရွာမှ အမျိုးသမီးတဦးက ပြောပါတယ်။
ဗျိုင်းဖြူရွာအပြင် စစ်တွေမြို့အနီးပတ်လည်မှာရှိတဲ့ လူနေကျေးရွာ တဆယ်ကျော်မှ ပြည်သူတွေဟာလည်း ရွာမှာမနေဖို့၊ စစ်တွေမြို့တွင်းသို့ ရွေ့ပြောင်းကြဖို့ အတင်းအကြပ် စေခိုင်းခံခဲ့ကြရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြစ်ကြောင်းကမ်းနားတလျှောက်နဲ့ စစ်တွေမြို့ပတ်လည်မှာလည်း မြေမြှပ်မိုင်းတွေ ထောင်၊ ခြံစည်းရိုးကာထားပြီး လူအ၀င်အထွက်အားလုံးကို ပိတ်ထားပါတယ်။
ပြီးခဲ့တဲ့လတွေတုန်းကလည်း စစ်တွေမြို့အနီးပတ်လည် ကျေးရွာတွေဖြစ်တဲ့ ကျေးတော၊ ဝါဘို၊ တောကန်၊ ရဲရိုးပြင်၊ ချီလိုင်ဖင်းစတဲ့ရွာတွေကို စစ်ကြောင်းထိုးကာ ရွာသားအချို့ကို ဖမ်းဆီး၊ သတ်ဖြတ်တာတွေ ရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်ရဲ့မြို့နယ်ထက်၀က်ကျော်ကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော်(AA)ဟာ စစ်တွေအပါအ၀င် ကျန်မြို့နယ်အားလုံးရှိ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်သွားမယ်လို့ အကြိမ်ကြိမ်ထုတ်ပြန် အသိပေးထားပြီး စစ်တွေမြို့နယ်အတွင်းမှာလည်း တိုက်ပွဲအချို့ စဖြစ်ပွားနေပြီဖြစ်ပါတယ်။