တောင်ကုတ်မြို့အ၀င်အထွက်နဲ့ ဆေးဝါး၊ ရိက္ခာသယ်ယူခွင့်စစ်ကောင်စီပိုတင်းကျပ်လာ

Photo – Social Media

ဩဂုတ်၊ ၂၂

မြို့ပေါ်နဲ့ အနီး၀န်းကျင်ရွာအချို့ကိုသာ ထိန်းချုပ်နိုင်ပြီး ကုန်းကြောင်းကနေ စစ်အင်အားမဖြည့်တင်းနိုင်တော့တဲ့ တောင်ကုတ်မြို့ကိုစစ်ကောင်စီတပ်က မြို့အ၀င်အထွက်နဲ့ ဆေးဝါး၊ ရိက္ခာသယ် ယူခွင့် ခုရက်ပိုင်းမှာ ပိုမို တင်းကြပ်၊ ပိတ်ပင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရခိုင်ဒေသတိုက်ပွဲတွေစကတည်းကခရီး သွားလာခွင့်နဲ့ ကုန် စည်၊ ဆေးဝါးသယ်ယူခွင့်တွေကို ကန့် သတ်ထားခဲ့တာဖြစ်ပြီး အခုရက်ပိုင်းမှာတော့ ပိုတင်းကြပ်လာခဲ့တာလို့ ဆိုပါတယ်။

“သူတို့နဲ့ အဆင်ပြေရင်တော့ မြို့ကို ၀ငျထှကျလို့ရသေးတယျ၊ မပြေရင် ၀ငျမရတော့ဘူး၊ ဒီရက်ပိုင်းမှာ တော်တော်တင်းကြပ်လိုက်တာ၊ ၀ငျမယျဆိုလို့ရှိရငျ ဂိတ်မှာ နံပါတ်ပေးတယ်၊ ပြန်လာလို့ အဲဒီနံပါတ်ကို မပြောနိုင်ရင် ထွက်လို့မရဘူး”လို့ တောင်ကုတ်မြို့ခံတဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တောင်ကုတ်မြို့ အ၀င်လမ်းတွေဖြစ်တဲ့ မအီမြို့ဖက်ကနေ ၀ငျပေါကျ တောင်ကုတ်တက္က သိုလ်အနီး၊ ပဲခူးတိုင်း ရိုးမဖက်ကနေ ၀ငျပေါကျ ကြိုးကြာကွင်းရွာ၊ သံတွဲမြို့ဖက်ကနေ ၀ငျပေါကျ ဖုံညိုရွာနဲ့ သင်္ဘောဆိပ်တို့မှာ ဂိတ်ဖွင့်စခန်းချထားတာပါ။

အဲဒီစခန်းတွေမှာ စစ်ကောင်စီတပ်သား ဆယ်ဂဏန်းအထိုင်ချနေပြီး ဆေးဝါး၊ ဆန်၊ ဓါတ်ဆီတို့ သယ်လာသူတွေကို ဖမ်းဆီး၊ ငွေတောင်းတာ၊ စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

“မနေ့ကတောင် ဆန်ကုန်သည်တယောက် ပိုက်ဆံ သိန်းတရာကျော် အ သိမ်းခံလိုက်ရသေးတယ်၊ လူကတော့ လွတ်သွားတယ်၊ အခုက မြို့ကို ၀ငျထှကျတဲ့သူတှတေောငျ သိပ်မရှိတော့ဘူး”လို့ တောင်ကုတ်မြို့ခံ နောက်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ အဲဒီလို ဆေးဝါး၊ရိက္ခာသယ်ခွင့် တားမြစ်တာ၊ သွားလာခွင့်ကန့်သတ်တာတို့ကြောင့် တောင်ကုတ်မြို့နယ်မှာ ဆန်တအိတ်ကို တသိန်းခွဲ၊ ကြက်ဥတလုံးကို ကိုးရာ၊ ဓါတ်ဆီတလီတာကို နှစ်သောင်း၊ အသင့်ဖျော် ကော်ဖီတထုတ်ကို တထောင်၊ အသားတပိဿာကို သုံးသောင်းခွဲကျပ်အထိ ဈေးတက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လက်လုပ်လက်စားတွေ ငတ်နေကြပြီ၊ မြို့မှာ လူမရှိတဲ့အိမ်တွေ အကုန်လုံးနီး ပါး အဖောက်ခံရတယ်၊ လူတွေ ခိုးတာရော၊ စစ်တပ်က ခိုးတာရောပါတယ်” လို့ အထက်ပါတောင်ကုတ်မြို့ခံက ပြောပါတယ်။ 

စစ်ကောင်စီတပ်ရဲ့ အဲဒီလို ပိတ်ဆို့မှုတွေကြောင့် တောင်ကုတ်ဒေသခံတွေဟာ အခြေခံစားကုန်တွေ ရနိုင်ဖို့ တောလမ်းတွေကနေဆင့် ရခိုင်ရိုးမတောင်ကို ကျော်ကာ ပဲခူးတိုင်းဖက်မှ သယ်ယူနေကြရတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီတပ်ဟာ ကုန်စည်၊ ဆေးဝါးသယ်ခွင့်နဲ့ သွားလာခွင့်တွေကို တင်းကြပ်၊ ပိတ်ပင်နေတဲ့အပြင် မြို့နီး ၀နျးကငြျရှာတှဆေီ စစ်ကြောင်းထိုး သွား လာကာ ရွာသားတွေကို ဖမ်းဆီးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းတစ်ကြောင်းဆို လူငါးဆယ်လောက်ပါတယ်၊ နေ့တိုင်း တရွာပြီး တရွာ စစ်ကြောင်းထိုးတယ်၊ ဖမ်းတယ်၊ ကားတွေ၊ ဘုတ်(စက်လှေ)တွေကို ၀ငျစဈတယျ၊ ပိုက်ဆံတောင်းတယ်” လို့ တောင်ကုတ်မြို့အနီးရှိ ကျေးရွာတခုမှ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ ၅)နဲ့  လက်အောက်ခံ ခမရ ၃၄၆၊ ခမရ ၅၄၄ တို့ အခြေစိုက်ပြီး အဲဒီတပ်မ၊ တပ်ရင်းတွေအားလုံး ဟာ တောင်ကုတ်မြို့အ၀င် ဖုံညိုရွာအနီးမှာ တည်ရှိပါတယ်။

တောင်ကုတ်မြို့နယ် ကျေးရွာတွေမှာတော့ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်း စခန်းတွေ မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။  ဒါပေမယ့် မြို့နီး၀န်းကျင်ပတ်လည်ရှိ နတ်မော်ဘုရားတောင်အပါအ၀င် တောင်ကုန်းတွေမှာတော့ လက်နက်ကြီးစခန်းတွေ ထပ်ထိုးချဖို့ ပြင်ဆင်နေတာတွေ့ရတယ်လို့ ဆိုပါတယ်။

တောင်ကုတ်အပါအ၀င် ရခိုင်ပြည်နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းအား လုံးကို တိုက်ခိုက်သွားမယ်လို့ ကြေငြာထားတဲ့ အာရက္ခတပ်တော်(AA)ဟာ တောင်ကုတ်မြို့နဲ့ ထိစပ်နေတဲ့ မအီမြို့၊ ရမ်းဗြဲမြို့နယ်နဲ့ သံတွဲမြို့နယ်မြောက်ပိုင်းတို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ဒါ့ကြောင့် တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီအနေနဲ့ မြို့ပေါ်၊ မြို့နီး၀န်းကျင်ရွာအချို့ကိုသာ ထိန်းချုပ်နိုင်တော့ကာ မြို့ပေါ် အခြေစိုက်တပ်ရင်းအချို့သာ ကျန်နေတာဖြစ်ပါတယ်။

အဲဒီတပ်ရင်းတွေကိုလည်း ကုန်းလမ်းကနေ စစ်ကူ၊ ရိက္ခာပို့နိုင်တဲ့ အနေအ ထားမရှိတော့ဘဲ လေကြောင်းကနေတဆင့်သာ ရိက္ခာဖြည့်တင်းနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“ရိက္ခာတွေ ရဟတ်ယာဉ်နဲ့ ပစ်ချတာ တွေ့တယ်၊ (တပ်သား)အင်အားဖြည့်တာတော့ မတွေ့ဘူး၊ ရိုး(ရိုးမ)ဖက်ကနေပို့မယ်ဆိုရင်လည်း ရိုးပေါ် AA ဂိတ်တွေရှိတယ်၊ မအီဖက်၊ သံတွဲဖက်မှာလည်း စစ်တပ်စခန်း မရှိတော့ဘူးလေ”လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

လက်ရှိမှာ တောင်ကုတ်မြို့ပေါ် စစ်ကောင်စီဂိတ်တွေအနီး နှစ်ဖက်ပစ်ခတ်မှုအချို့ မကြာခဏ ရှိနေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ လူနေရွာတွေဆီ ဗုံးကြဲ၊ တိုက်ခိုက်တာတွေ မကြာခဏလုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“လေယာဉ် နေ့တိုင်းလို ဝဲတယ်၊ ခုနကလည်း တလုံးချတာ ကြားလိုက်တယ်၊ ဘယ်ဖက်ကို ကျသွားလဲ မသိရသေးဘူး”လို့ တောင်ကုတ်ဒေသခံသတင်းရင်းမြစ်က ဒီနေ့ ဩဂုတ် ၂၂ ရက် နေ့လည်ပိုင်းမှာ ပြောပါတယ်။

ချင်းပြည်နယ် ပလက်၀နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ကိုးခုကို သိမ်းပိုက်ထားပြီး သံတွဲနဲ့ မောင်တောတို့ကိုပါ အပြီးသတ်သိမ်းနိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ AA ဟာ ရခိုင်ပြည်နယ်တခုလုံးမှ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်၊ သိမ်းပိုက်သွားမယ်လို့ ကြေငြာထားပါတယ်။