ထိုင်းအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ဆရက်သာကို ရာထူးကနေ ဖယ်ရှား

ဩဂုတ်၊ ၁၄

အစိုးရ အဖွဲ့ဝင် ဝန်ထမ်းနေရာ ခန့်အပ်မှုမှာ ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆန်ကို ထိုင်းအခြေခံ ဥပဒေ ခုံရုံးက ထုတ်ပယ်လိုက်ပါတယ်။

ဆရက်သာဟာ လာဘ်ထိုးဖို့ ကြံစည်မှုနဲ့ ထောင် ၆ လ ကျဖူးတဲ့ ရှေ့နေဟောင်း ပီချစ်ချွမ်ဘန်ကို အစိုးရ အဖွဲ့ဝင်အဖြစ် ခန့်အပ်ဖို့ စီစဉ်ခဲ့တာဟာ စည်းမျဉ်းချိုးဖောက်ရာ ရောက်တဲ့အတွက် သူ့ကို ရာထူးက ဖယ်ရှားပေးဖို့ ခုံရုံးကို အထက်လွှတ်တော် အမတ် ၄၀ လောက်က စုပေါင်း တောင်းဆိုခဲ့ကြပါတယ်။

ခုံရုံးက အဲဒီ အဆိုပြုချက်ကို လက်ခံခဲ့တဲ့နောက် ကြားနာ စစ်ဆေးမှုတွေ စတင်ခဲ့ပြီး ဩဂုတ် ၁၄ ရက်နေ့ ညနေပိုင်းမှာ ဆရက်သာကို ရာထူးကနေ ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။ ပီချစ်ဟာ ဆရက်သာကို ကာကွယ်တဲ့ အနေနဲ့ အစိုးရ အဖွဲ့ထဲကနေ ချက်ချင်း နုတ်ထွက်ခဲ့ပေမယ့်လည်း ခုံရုံးစီရင်ချက်ကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။

အဲဒီခုံရုံးဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း အဓိက အတိုက်အခံ အင်အားစုဖြစ်တဲ့ Move Forwardပါတီ (MFP)ကို ဖျက်သိမ်းဖို့ အမိန့်ချခဲ့ပါသေးတယ်။

စစ်ဆေးမှုတွေအရ ဆရက်သာဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ စည်းမျဉ်းတွေကို ဘောင်ကျော်ခဲ့တယ်ဆိုတာ ထင်ရှားကြောင်း ခုံရုံးက သတ်မှတ်ခဲ့ပါတယ်။ ခုံရုံးဆုံးဖြတ်ချက်အပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ဆရက်သာက သူဟာ ဘာအမှားမှ မကျူးလွန်ခဲ့ကြောင်း၊ စီရင်ချက်ကို စိတ်ပျက်ပေမယ့် ဆန့်ကျင်မှာ မဟုတ်ကြောင်း သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

အခုအခါမှာတော့ အာဏာရ ဖျူထိုင်းပါတီ (PTP)နဲ့ ပြိုင်ဘက် စစ်တပ် လိုလားတဲ့ ပါတီတွေ၊ ကွန်ဆာဗေးတစ်တွေ စုစည်းထားတဲ့ ညွန့်ပေါင်း အစိုးရထဲမှာ အကျေအလည် ညှိနှိုင်းရမယ့် အခြေအနေတွေ ရှိလာနိုင်ပါတယ်။ ထိုင်းအစိုးရရဲ့ ရပ်တည်မှုကလည်း မရေမရာ သဘောမျိုးဆီ ဦးတည်သွားနိုင်ပါတယ်။

လုပ်ထုံးလုပ်နည်း အရဆိုရင်တော့ ဆရက်သာရဲ့ နေရာမှာ ယာယီ ဝန်ကြီးချုပ် တဦးကို ခန့်အပ်ထားပြီး နောက်ထပ် အသစ်တက်လာမယ့် ဝန်ကြီးချုပ်ကို ထိုင်းလွှတ်တော်က ဆုံးဖြတ် ရွေးကောက်ရမှာပါ။

ခုံရုံးဆုံးဖြတ်ချက်မှာတော့ တရားသူကြီး ၅ ဦးအနက် ၄ ဦးက ဆရက်သာကို ထုတ်ပယ်သင့်တယ်လို့ သတ်မှတ်လိုက်တာပါ။ ထိုင်းဥပဒေတွေအရ ခုံရုံး ဆုံးဖြတ်ချက်ကို အယူခံဝင်လို့လည်း မရပါဘူး။ ဆရက်သာဟာ ဝန်ကြီးချုပ် နေရာမှာ ၁ နှစ်ပြည့်အောင် တာဝန်မယူလိုက်ရပါဘူး။

ထိုင်းအခြေခံ ဥပဒေ ခုံရုံးဟာ လွန်ခဲ့တဲ့ ၁၆ နှစ်အတွင်း ဝန်ကြီးချုပ် ၃ ဦးကို ရာထူးကနေ ဖယ်ရှားပြခဲ့ပြီး ဖြစ်ပါတယ်။

Ref: Reuters