ဩဂုတ်၊ ၁၃
အိုလံပစ် ပြိုင်ပွဲကြီးကနေ ပြန်လာသူတွေမှာ ကြမ်းပိုးတွေ ကပ်ပါမလာစေဖို့အတွက် တောင်ကိုရီးယားရဲ့ အဓိက လေဆိပ်ကြီးဖြစ်တဲ့ အင်ချွမ်မှာ အာဏာပိုင်တွေက လေ့ကျင့်ပေးထားတဲ့ အနံ့ခံ ခွေးလေး တကောင်ကို အသုံးပြုပြီး စစ်ဆေးနေပါတယ်။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အထည်ဝါဆုံး အားကစားပေါင်းစုံ ပြိုင်ပွဲကြီးဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြီးဆုံးခဲ့ပါပြီ။ ဒါပေမဲ့ ပါရီရဲ့ ကြမ်းပိုး ပြဿနာဟာ အိုလံပစ် မတိုင်ခင် ကတည်းက အတော်ကြီး နာမည်ဆိုး ထွက်နေခဲ့ပြီး ပြိုင်ပွဲ ကာလမှာလည်း စောဒကတက်မှု၊ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
အင်ချွမ် လေဆိပ်မှာတော့ အာဏာပိုင်တွေက အဲဒီ သေးငယ်တဲ့ ကပ်ပါးပိုးမွှားလေးတွေ တောင်ကိုရီးယားမြေပေါ် ကူးစက်ပါလာနိုင်ခြေ အနည်းဆုံး ဖြစ်စေဖို့ ရည်ရွယ်ပြီး ကြိုတင် စီစဉ်မှုတွေ လုပ်ဆောင်ထားခဲ့တာပါ။
လေ့ကျင့်ပေးထားတဲ့ ခွေးလေးဟာ ပါရီကနေ ပြန်လာတဲ့ အားကစားသမားတွေ၊ ပြိုင်ပွဲ အရာရှိတွေနဲ့ ပရိသတ်တွေမှာ၊ သူတို့ရဲ့ အထုပ်အပိုးတွေမှာ ကြမ်းပိုးတွေ ကပ်ငြိပါလာနိုင်ခြေကို ကူညီ ရှာဖွေ စစ်ဆေးပေးမှာ ဖြစ်ပါတယ်။
အဲဒီ ထူးထူးဆန်းဆန်း မစ်ရှင်ကို ဦးဆောင်နေတာကတော့ စီကိုလို့ နာမည်ပေးထားတဲ့ ၂ နှစ်သား အမဲလိုက် ခွေးပုလေး ဖြစ်ပါတယ်။ စီကိုဟာ အဝတ်အစားနဲ့ အထုပ်အပိုးတွေထဲမှာ ပုန်းခိုလိုက်ပါလာတဲ့ ကြမ်းပိုးတွေကို ထိထိရောက်ရောက် ဖော်ထုတ်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။
စီကိုဟာ ပုံမှန် ဟိုတယ်ခန်း တစ်ခုမှာ ကြမ်းပိုးတွေ ရှိမရှိ ဆိုတာကို ၂ မိနစ်အတွင်း ပြီးစီးအောင် အနံ့ခံ ရှာဖွေ ဖော်ထုတ်ပေးနိုင်ပါတယ်။ အဲဒီ ခွေးလေးကို ပိုးမွှားနှိမ်နင်းရေး ကုမ္ပဏီ တခုက လေ့ကျင့်ပေးထားတာဖြစ်ပြီး အခုတော့ အာဏာပိုင်တွေနဲ့ ပူးပေါင်းရင်း ကြမ်းပိုးရှင်းလင်းရေးအတွက် ကူညီပေးနေတာပါ။
ကြမ်းပိုးတွေဟာ သဘာဝအလျောက် ဓာတုဓာတ်ပေါင်း တစ်မျိုးကို ထုတ်လွှတ်လေ့ရှိပြီး စီကိုက အဲဒီ ဓာတ်ပေါင်းရဲ့ အနံ့ကို အလွယ်တကူ ထောက်လှမ်း သိရှိနိုင်တာ ဖြစ်တယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ရှင်းပြခဲ့ပါတယ်။
တောင်ကိုရီးယားဟာ ပါရီကနေ ပါလာမယ့် ကြမ်းပိုးတွေ ကိစ္စအပေါ် အတော်လေး အာရုံစိုက်ပြီး အကဲဆတ်ဆတ် တုံ့ပြန်နေတဲ့ သဘောရှိပါတယ်။ ပုံမှန်အားဖြင့် ခရီးသည်တင် လေယာဉ်တွေက တလတခါ ပိုးသတ်ဆေး ဖြန်းလေ့ရှိပေမယ့် ပါရီကနေ ရောက်လာတဲ့ လေယာဉ်တွေကိုတော့ တပတ်ခြားတကြိမ် ဆေးဖြန်းသွားမယ်လို့လည်း သိရပါတယ်။
Ref: Reuters