အီရန်နဲ့ မဟာမိတ်တွေက အစ္စရေးကို တိုက်ခိုက်နိုင်ခြေကြောင့် အမေရိကန် ကာကွယ်ရေး အစီအမံတွေ မြှင့်တင်

ဩဂုတ် ၊ ၃

အရှေ့အလယ်ပိုင်းမှာ စစ်ရေး အခြေအနေတွေ ပိုမို တင်းမာလာမှုကြောင့် အမေရိကန်ဟာ ဒေသတွင်းမှာ စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေ ပိုမို ဖြည့်တင်း ပေးပို့ထားပြီး လုံခြုံရေး တိုးမြှင့်ထားလိုက်ပါတယ်။

အီရန်မှာ ဟားမားစ် ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ လုပ်ကြံခံရတာ၊ အီရန် မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ရဲ့ ထိပ်တန်း စစ်ဦးစီးတဦး အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတာတွေ ကြုံတွေ့ခဲ့တဲ့နောက် အမေရိကန်က အခုလို ကြိုတင် တုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

အီရန်နဲ့ ဒေသတွင်း မဟာမိတ် လက်နက်ကိုင် အင်အားစုတွေဟာ အခုဖြစ်ရပ်တွေအတွက် လက်တုံ့ပြန်မယ်လို့ ကြုံးဝါးထားတဲ့နောက် အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က အခုလို အရေးတကြီး တုံ့ပြန် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်က မဟာမိတ် အစ္စရေးရဲ့ လုံခြုံရေးအတွက် ကူညီကာကွယ်ပေးမယ့် ကတိကို ခိုင်ခိုင်မာမာ ထိန်းသိမ်းထားမှာ ဖြစ်ကြောင်းလည်း ပင်တဂွန်က ကြေညာခဲ့ပါတယ်။

ဩဂုတ် ၂ ရက်နေ့ကစလို့ အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် မဟာမိတ် နိုင်ငံတွေဆီ ပင်တဂွန်က တိုက်လေယာဉ်တွေ ကြိုတင် ပေးပို့နေပြီး လေကြောင်း ကာကွယ်ရေး စနစ်တွေကို ပိုမို တပ်လှန့်ထားလိုက်ပါတယ်။ ဒါ့အပြင် ဒေသတဝိုက်မှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် ဖျက်သင်္ဘောတွေနဲ့ ဒုံးကျည် ကာကွယ်ရေး စွမ်းရည် မြင့်မားတဲ့ ခရူဇာ စစ်သင်္ဘောတွေကလည်း လေကြောင်းကာကွယ်ရေးအတွက် မဟာဗျူဟာကျတဲ့ ဇုန်တွေဆီ အပြင်းခုတ်မောင်းသွားကြပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး လွိုက်ဒ် အော်စတင်ဟာ အရှေ့အလယ်ပိုင်းမှာ အမေရိကန် လေယာဉ်တင် သင်္ဘောတစီး ဦးဆောင်တဲ့ မဟာဗျူဟာ တိုက်ရေယာဉ် အုပ်စု (CSG) တခုကို ဆက်လက် ဖြန့်ကျက်ထားဖို့ ညွှန်ကြားထားပြီး မြေပြင်အခြေစိုက် ဒုံးကျည် ကာကွယ်ရေး ယူနစ်တွေကိုလည်း ပိုမိုတိုးမြှင့်ဖို့ အမိန့်ပေးထားကြောင်း သိရပါတယ်။

Ref: BBC