ဇူလိုင် ၊ ၂၉
တရုတ်နိုင်ငံက ရှုခင်းလှပပြီး ခရီးသွားဧည့်သည်တွေကြား ရေပန်းစားတဲ့ နေရာတခုမှာ မြေပြိုလို့ လူတဒါဇင်ကျော် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း၊ ဟူနန် ဒေသထဲက သဘာဝ ပတ်ဝန်းကျင် နှစ်သက်သူ ခရီးသွားတွေ လည်ပတ်လေ့ရှိတဲ့ ယူလင် ကျေးရွာထဲမှာ ဖြစ်ပွားခဲ့တာပါ။ တိုင်ဖွန်းမုန်တိုင်း ဂေမီကြောင့် သည်းသည်းထန်ထန် ရွာသွန်းတဲ့ မိုးတွေနဲ့အတူ တောင်စောင်းဧရိယာ တခုမှာ မြေပြိုပြီး ခရီးသွား ဧည့်သည်တွေအတွက် ငှားရမ်းပေးထားတဲ့ အိမ်တလုံးကို ဖုံးလွှမ်းသွားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန် အခင်းဖြစ်ပွားချိန်က အဲဒီအိမ်ထဲမှာ စုစုပေါင်း လူ ၂၁ ဦး ရှိနေခဲ့ရာမှာ ၁၅ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၆ ဦးကိုတော့ ဆေးရုံ တင်ပို့ထားရပါတယ်။ ဒါဟာ တိုင်ဖွန်းမုန်တိုင်း ဂေမီနဲ့ ဆက်စပ်ပြီး တရုတ်မှာ ပထမဆုံး ကြားသိရတဲ့ လူသေမှုတွေလို့ ယူဆရပါတယ်။
ဂေမီဟာ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်တို့ကို ဖြတ်သန်းခဲ့ပြီး တရုတ်ကို ကုန်းတွင်းဝင်ရောက်ခဲ့တာပါ။ တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းရာ လမ်းတလျှောက်မှာ နစ်မြုပ်သွားတဲ့ ကုန်တင် သင်္ဘောတစီးပေါ်က မြန်မာသင်္ဘောသားတွေ အပါအဝင် အနည်းဆုံး ၃၄ ဦး သေဆုံးခဲ့ပါတယ်။
တရုတ်ရဲ့ ဟူနန် ပြည်နယ်ထဲမှာတော့ ၂၄ နာရီအတွင်း မိုးရေချိန် ၃၀ စင်တီမီတာလောက်ထိ သည်းသည်းမည်းမည်း ရွာသွန်းသလို နေရာတချို့မှာ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
လူ ၁၅ ဦး သေဆုံးခဲ့တဲ့ မြေပြိုမှုကတော့ သဘာဝ တောတောင်ရှုခင်းတွေ လှပရာ ဟန်ရှန်းဆိုတဲ့ ကုန်းမြင့်ဧရိယာမှာ ဖြစ်ပေါ်ခဲ့တာလို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ မိုးအရမ်းရွာမယ်လို့ ခန့်မှန်းထားတာကြောင့် အဲဒီနေရာကို မြေပြိုမှုတွေ မဖြစ်ခင် ကတည်းက ပိတ်ထားပေမယ့် ခရီးသွား ဧည့်သည်တွေ ဘာကြောင့် အဲဒီအိမ်ထဲမှာ ရှိနေခဲ့သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
တရုတ်ရဲ့ CCTV သတင်းဌာနက မိုးရွာသွန်းမှုကြောင့် တောင်ကျရေတွေ အလုံးအရင်း စီးဆင်းရာကနေ တောင်စောင်းတလျှောက် မြေပြိုမှုတွေ ဖြစ်ခဲ့တာလို့ ဖော်ပြသွားပါတယ်။
Ref: CCTV