Photo – Social Media – လွိုင်ကော်မြို့အတွင်းတိုက်ပွဲပြင်းထန်နေချိန်တွေ့ရတဲ့မြင်ကွင်းတခု
ဇွန်၊ ၁၆
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းကမြို့တွင်းတိုက်ပွဲတွေဖြစ်နေခဲ့တဲ့ ကရင်နီ(ကယား)ပြည်နယ်မြို့တော်လွိုင်ကော်ကို ပြန်ထိန်းချုပ်နိုင်ပြီလို့စစ်ကောင်စီကထုတ်ပြန်ပေမယ့် ဒါဟာဝါဒဖြန့်မှုသက်သက်ပဲဖြစ်တယ်လို့KNDFဘက်က တုံ့ပြန်လိုက်ပါတယ်။
“မြို့ပေါ်ရပ်ကွက်တချို့ကို စစ်ကောင်စီ ထိန်းချုပ်တာတော့ရှိပါတယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်း ချုပ်ထားတာလည်းရှိတယ်၊ ဟိုဘက်ဒီဘက်အ ခြေအနေမှာ စစ်ကောင်စီက သူတို့ဘက်မှာရှိတဲ့အခြေ အနေကို ဝါဒဖြန့်သွားတာဖြစ်ပါတယ်” လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုသတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုတာအယ်စိုးက DNA ကို ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ လွိုင်ကော်မြို့ပေါ်က နယ် မြေရှင်းလင်းပြီးတဲ့နေရာတွေမှာ အပျက်အစီးတွေကိုရှင်းလင်းတာ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်တာတွေ လုပ်ဆောင်နေတဲ့အကြောင်း သူတို့ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းမီဒီယာတွေကနေတဆင့် ဓာတ်ပုံတွေနဲ့တကွ ဒီကနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်က ဖော်ပြတဲ့ ဓာတ်ပုံတွေအရ လွိုင်ကော်မှာထင်ရှားတဲ့ တောင်ကွဲစေတီ၊ သီရိမင်္ဂလာစျေး၊ ဘီလူးချောင်းတံတားနဲ့ မြို့တွင်းနေရာတချို့မှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တချို့ သန့်ရှင်းရေးလုပ်နေကြပြီး ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ အရှေ့ပိုင်းတိုင်စစ်ဌာနချုပ် တိုင်းမှူးတို့ ဦးဆောင်တဲ့အဖွဲ့တွေလည်းပါဝင်ကြတာတွေ့ရပါတယ်။
KNDF အပါအဝင် ကရင်နီပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး (၁၁၁၁) စစ်ဆင် ရေးအနေနဲ့ လွိုင်ကော်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။
အဲဒီထိုးစစ်အတွင်း စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားတဲ့ လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်ရဲ တပ်ဖွဲ့ဌာနချုပ်အပါအဝင် လွိုင်ကော်မြို့တဝက်ကျော်လောက်ကို ကရင်နီတပ်တွေထိန်းချုပ်ထားနိုင်ခဲ့ပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာပါ။
ခြောက်လကျော်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လွိုင်ကော်မြို့ကို မြေပြင်စစ်ကူ လုံးဝပေးပို့နိုင်ခြင်းမရှိပေမယ့် ပြီးခဲ့တဲ့ မေလကုန်ကတော့ အင် အားငါးရာနီးပါးရှိ စစ်ကောင်စီတပ်တွေ ဆီဆိုင်ဘက်ကနေ စစ်ကူပေးပို့ထားပါတယ်။
လွိုင်ကော်နဲ့မိုင်လေးဆယ်လောက်အကွာ ရှမ်းပြည် နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကနေလာတဲ့ အဲဒီစစ်ကောင်စီ စစ်ကူတွေဟာ ဇွန်လပထမပတ်အတွင်း လွိုင်ကော်မြို့ထဲရောက်ရှိလာပြီး လက်ရှိမှာတော့ မြို့ထဲကတပ်စခန်းတွေမှာ အင်အားဖြည့်တင်းထားတယ်လို့ သိရပါတယ်။
“လွိုင်ကော်မြို့ပေါ်ကနေ KNDF တွေ မဆုတ်ပါဘူး၊ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးနေတဲ့ ရပ်ကွက်တွေဘက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ နေ့စဥ်နဲ့အမျှ ပစ်ခတ်နေတာမျိုးတော့ ရှိနေဆဲဖြစ်ပါတယ်” လို့လည်း ကိုတာအယ်စိုးက DNA ကို ပြောပါတယ်။
စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်မှာတော့ လွိုင်ကော်မြို့ဟာ ပုံမှန်အခြေအနေအတိုင်း ပြန် လည်တည်ငြိမ်အေးချမ်းလာပြီဖြစ်လို့ ပြည်သူတွေ စိတ်အေးချမ်းသာစွာနဲ့ သွားလာနေကြပြီလို့ ရေး သားထားပါတယ်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)ရဲ့ အတွင်းရေးမှူး (၂)ဖြစ်သူ ကိုဗညားကတော့ စစ်ရှောင်နေရာကနေ လွိုင်ကော်မြို့ကို ပြန်လည်နေထိုင်နေသူတချို့ရှိတယ်လို့ DNA ကို ပြောပါတယ်။
“အထူးသဖြင့် ရှမ်းပြည်နယ်ဘက်ကို ရှောင်သွားတဲ့ စစ်ရှောင်တချို့ လွိုင်ကော်မြို့ပေါ် ရပ်ကွက်တချို့မှာ ပြန်လာနေတာရှိပါတယ်။ ရပ်ကွက်တိုင်းကို ပြန်နေတာတော့မဟုတ်ဘူး၊ အများကြီးတော့ ပြန်မရောက်နိုင်သေးဘူး” လို့ ကိုဗညားက ဆိုပါတယ်။
ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့ လူဦးရေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကျော်၊ ဦးရေ လေးသောင်းကျော် တိမ်းရှောင်ခဲ့ရတယ်လို့ ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(KHAI)ရဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်ထုတ် စာရင်းအရသိရပါတယ်။
လွိုင်ကော်မြို့မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)-လွိုင်ကော် အခြေစိုက်ထားပြီး လွိုင်ကော်အကျဥ်းထောင်၊ အစိုးရဖွဲ့ရုံး၊ ခလရ ၂၅၀၊ ခလရ ၂၆၁၊ ခလရ ၅၄၊ အမြောက်တပ်ရင်း ၃၆၂၊ အမှတ် ၇ တပ်မတော်ဆေးရုံနဲ့ အမှတ် ၇၂၂ ထောက်ပို့တပ်စတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်က အဓိက အားဖြည့်ထားတယ်လို့ သိရပါတယ်။
လက်ရှိ နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန် ရေးတပ်တွေ စိုးမိုးတဲ့ဒေသ ဒါမှမဟုတ် တိုက်ပွဲ ပြင်းထန်ခဲ့ရာဒေသတချို့ကိုပြန်ထိန်းချုပ်နိုင်ပြီဆိုပြီး စစ်ကောင်စီဘက်က မြန်မြန်ဆန်ဆန်ထုတ်ဖော်ကြေညာတာ သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေကလည်း အဲ့ဒီထုတ်ပြန်ပြောဆိုမှုတွေဟာ ဝါဒဖြန့်မှုသာဖြစ်တယ်လို့ တုံ့ပြန်တာမျိုးတွေမကြာမကြာဖြစ်လေ့ရှိပါတယ်။
အခုလွိုင်ကော်မြို့ဖြစ်စဉ်မတိုင်မီပြီးခဲ့တဲ့ မတ်လ ၃၀ ရက်တုန်းကလည်း ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(PNLA) သိမ်းပိုက်ခဲ့တဲ့ ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့ဖူးပြီး PNLA ဘက်ကတော့ အဲဒီလိုထုတ်ပြန်တာဟာ ဝါဒဖြန့်တာသာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
စစ်ကောင်စီက အဲဒီလိုထုတ်ပြန်ပြီးနောက် အနည်း ဆုံး တပတ်လောက်ကြာတဲ့အထိ ဆီဆိုင်မြို့တွင်း တိုက်ပွဲတွေဆက်ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ စစ်ကောင်စီကပဲ မြို့ကို ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။