စစ်ရေးအထောက်အပံ့တွေ နောက်ကျခဲ့တဲ့အပေါ် ဇီလန်စကီးကို ဘိုင်ဒန် တောင်းပန်

ဇွန် ၊ ၈
ယူကရိန်းအတွက် အမေရိကန် စစ်ရေး အထောက်အပံ့တွေ ပေးပို့မှု နှောင့်နှေးခဲ့တဲ့အပေါ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို တောင်းပန်စကား ပြောကြားခဲ့ပါတယ်။
သမ္မတ နှစ်ဦးဟာ D-Dayနေ့ နှစ်ပတ်လည် အခမ်းအနားအတွက် ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ တွေ့ဆုံဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန်မှာ လွှတ်တော်တွင်း အားပြိုင်မှုတွေကြောင့် ယူကရိန်းဆီ ထောက်ပံ့ပေးပို့ဖို့ လျာထားတဲ့ ဒေါ်လာ ၆၀ ဘီလီယံကျော်ဖိုး စစ်လက်နက်တွေနဲ့ ငွေကြေးတွေဟာ လနဲ့ချီ နှောင့်နှေးမှုတွေ ကြုံခဲ့ရပါတယ်။
 
အကျိုးဆက်အဖြစ် ယူကရိန်းဟာ ခဲယမ်းမီးကျောက် ပြတ်တောက်ပြီး ရုရှားတပ်တွေက ပိုပြီး ဖိအားပေး ထိုးနှက်တဲ့ဒဏ်ကို ခံခဲ့ရပါတယ်။
 
ပါရီမှာ တွေ့ဆုံချိန်မှာတော့ ဘိုင်ဒန်က အမေရိကန်ရဲ့ နှောင့်နှေးမှုတွေနဲ့ ပတ်သက်လို့ ဇီလန်စကီးကို တောင်းပန်စကား ဆိုခဲ့ပြီး ဒေါ်လာ ၂၂၅ သန်းဖိုး နောက်ထပ် စစ်လက်နက်တွေ ပေးပို့မယ့် ကိစ္စကို အတည်ပြု အသိပေးခဲ့ပါတယ်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ အဲဒီ စစ်ရေး အထောက်အပံ့ အသစ်တွေမှာတော့ ခဲယမ်းမီးကျောက်တွေနဲ့ လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ အဓိက ပါဝင်မယ်လို့ သိရပါတယ်။
ဘိုင်ဒန်က အမေရိကန်ဟာ ယူကရိန်းနဲ့ မခွဲမခွာ အတူရပ်တည်နေမယ်လို့ ဇီလန်စကီးကို ပြောကြားခဲ့ပါတယ်။ ကျူးကျော်စစ်ကို တွန်းလှန်နေရတဲ့ ယူကရိန်းဟာ ဦးချိုးမာန်လျှော့ဖို့၊ အရှုံးပေးဖို့ လုံးဝ မစဉ်းစားဘဲ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေတာက စံတင်လောက်တဲ့ အားထုတ်မှုမျိုးလို့လည်း ဘိုင်ဒန်က ချီးကျူးသွားခဲ့ပါတယ်။
 
ဇီလန်စကီးကလည်း ရုရှားကို တွန်းလှန်တိုက်ခိုက်နေတဲ့ စစ်ပွဲမှာ အမေရိကန်ဟာ မိတ်ဖက်ကောင်းအဖြစ် ပံ့ပိုးခဲ့တာကို ကျေးဇူးတင်ကြောင်း တုံ့ပြန်ပြီး အမေရိကန်ရဲ့ ရင်ဘောင်တန်း ရပ်တည်ပြီး အားပေး ကူညီမှုတွေကို ဆက်လက် မျှော်လင့်နေမယ်လို့ ပြောကြားသွားပါတယ်။
 
ဇီလန်စကီးဟာ ပါရီ ခရီးစဉ် အတောအတွင်း အိမ်ရှင်နိုင်ငံ သမ္မတ အီမန်နျူရယ် မာခရွန်နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီနေ့မှာပဲ မာခရွန်က ယူကရိန်းအတွက် ပြင်သစ်လေတပ်ရဲ့ တပတ်ရစ် Mirage 2000-5 တိုက်လေယာဉ်တွေကို ထောက်ပံ့ ပေးပို့ပြီး ယူကရိန်း လေယာဉ်မှူးတွေကိုပါ လေ့ကျင့်ပေးသွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
 
Ref: BBC