ဗြိတိန် ထောက်လှမ်းရေးရဲ့ သူလျှို ဇနီးမောင်နှံကို ဖမ်းမိခဲ့တယ်လို့ တရုတ်ပြော

 ဇွန်၊ ၄

တရုတ် ဇနီးမောင်နှံ နှစ်ဦးကို ဗြိတိန် ထောက်လှမ်းရေးက သူလျှိုတွေအဖြစ် အသုံးချခဲ့တယ်လို့ တရုတ် အစိုးရက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

 ဇွန်လ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ဗြိတိန်ရဲ့ MI6 ထောက်လှမ်းရေး ဌာနဟာ တရုတ် အစိုးရ ဝန်ထမ်း ဇနီးမောင်နှံကို သူလျှိုတွေအဖြစ် စည်းရုံးသိမ်းသွင်းပြီး တရုတ်အပေါ် ထောက်လှမ်းစေခဲ့တာလို့ စွပ်စွဲ ဖော်ပြထားပါတယ်။

တရုတ်ရဲ့ အရပ်ဖက်က ထောက်လှမ်းရေး အေဂျင်စီလို့ သတ်မှတ်နိုင်တဲ့ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက တရုတ် ထောက်လှမ်းရေး​ အေးဂျင့်တွေဟာ နောက်ကွယ်မှာ MI6 ပါဝင်နေတဲ့ သူလျှို လှုပ်ရှားမှု တစ်ခုကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဗြိတိန် ထောက်လှမ်းရေးက သူလျှိုအဖြစ် အဖွဲ့အစည်းထဲ ထည့်သွင်းထားသူ နှစ်ဦးကို တရုတ် ထောက်လှမ်းရေး​ အေးဂျင့်တွေက ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ် လက်အောက်ခံ ဟောင်ကောင် ထောက်လှမ်းရေး အေဂျင်စီအတွက် အလုပ်လုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗြိတိန် ရဲတပ်ဖွဲ့က လူ ၃ ဦးကို ဖမ်းဆီးခဲ့ပြီး သီတင်းပတ်တချို့ အကြာမှာ တရုတ်ဖက်က အခုလို တုံ့ပြန်မှုမျိုး ရှိလာတာပါ။

တရုတ်ရဲ့ အဆိုအရ MI6ဟာ ဝမ်လို့သာ မျိုးရိုးနာမည် ဖော်ပြထားတဲ့ ဇနီးမောင်နှံရဲ့ ငွေရေးကြေးရေး အကျပ်အတည်းတွေကို အခွင့်ကောင်းယူပြီး သိမ်းသွင်းခဲ့တာလို့ သိရပါတယ်။ အမျိုးသားဖြစ်သူဟာ တရုတ်ရဲ့ အရေးကြီးတဲ့ လျှို့ဝှက် သတင်းအချက်အလက်တွေနဲ့ ထိတွေ့ခွင့်ရှိတဲ့ ဌာနတခုမှာ အလုပ်လုပ်နေတာလို့ ဆိုပါတယ်။

သူဟာ ၂၀၁၅ ခုနှစ်တုန်းက ဗြိတိန်မှာ ပညာတော်သင် သွားရောက်ခွင့် ရခဲ့ပြီး အဲဒီအတောအတွင်း MI6ရဲ့ စတင် ချဉ်းကပ် သိမ်းသွင်းမှုကို ခံခဲ့ရတာလို့ တရုတ်က စွပ်စွဲထားပါတယ်။

အမှုနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့ တရုတ်က ပြောပါတယ်။ MI6ကတော့ တရုတ်ရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေး တုံ့ပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

Ref: CNN