သထုံမှာ လေးရက်အတွင်း ပိုင်ရှင်မဲ့အလောင်း ငါးလောင်းတွေ့

မတ်၊ ၂၄
 
မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ လေးရက်အတွင်း သေနတ်ဒဏ်ရာနဲ့ အလောင်းတလောင်း အပါအဝင် ပိုင်ရှင်မဲ့ အမျိုးသား ငါးဦး အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
 
“တယောက်ပဲ အသက်သုံးဆယ်ကျော် သေနတ်ဒဏ်ရာနဲ့ သေနေတာ၊ ကျန်တဲ့သူတွေကတော့ ရိုးရိုးရေနစ်တာတို့၊ အစာရေဆာ မစားရလို့ ပုံစံနဲ့ပါ” လို့ သထုံမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းတခုရဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
သေဆုံးသွားသူတွေဟာ အသက်သုံးဆယ်ကနေ အသက်လေးဆယ်ကြား အမျိုးသားတွေ ဖြစ်ကြပြီး သေနတ်ပစ်သတ်ခံရတဲ့ အမျိုးသားတဦးကသာ သထုံဒေသခံဖြစ်ကာ ကျန်တဲ့သူတွေက ရွှေ့ပြောင်းလုပ်သားတွေနဲ့ တခြားဒေသက လူတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။
 
သထုံမြို့နယ် လိပ်အင်းရပ်ကွက် ရေတွင်းဟောင်းအတွင်း ပြုတ်ကျသေဆုံးနေတဲ့ အမျိုးသားတဦး၊ ကော့သန်း ကျေးရွာ အုတ်ဖိုကန်မှာ ရေနစ်သေဆုံးနေတဲ့ အမျိုးသားတဦး၊ ကော့သန်းကျေးရွာ၊ အောင်ကန်သာလမ်းဘေးမှာ သေဆုံးနေတဲ့ အမျိုးသားတဦး၊ သထုံမြို့ ကြေးသွန်းဘုရားဝင်းမှာ အမျိုးသားတဦးနဲ့ ဂေါ့ကျေးရွာ သထုံ ကွန်ပျူတာတက္ကသိုလ် အနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားတဦးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
 
သူတို့ရဲ့အလောင်းတွေကို မတ်လ ၂၀ ရက်ကနေ မတ်လ ၂၃ ရက်အတွင်းမှာ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
“သေနတ်ဒဏ်ရာနဲ့ တယောက်က နည်းနည်းရှုပ်တယ်၊ အာဏာပိုင်တွေ မပေးကြည့်ဘူး၊ ဘာကြောင့်လဲတော့ မသိဘူး” လို့ အထက်ပါ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
 
သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ အမျိုးသားဟာ ဘယ်သူ့လက်ချက်ကြောင့် သေဆုံးသွားတာလဲဆိုတာ မသိရသေးသလို တော်လှန်ရေးအင်အားစုတွေဘက်ကတော့ သူတို့လုပ်ဆောင်ခဲ့တာ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။
 
“ကျွန်တော်တို့တောင် မသိဘူး၊ တခြားကိစ္စကြောင့် သေတာလား၊ စစ်တပ်ကပဲ လူမှားလို့ ပစ်မိတာလားတော့ မသိဘူးပေါ့၊ သေချာတာက ကျွန်တော်တို့ မလုပ်ခဲ့ဘူး” လို့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
သေဆုံးသွားတဲ့သူတွေဟာ ဘယ်သူဘယ်ဝါဖြစ်သလဲဆိုတာ သိရှိနိုင်ဖို့ သက်ဆိုင်ရာ မိသားစုဝင်တွေထံကို DNA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။
 
သထုံမြို့နယ်မှာ စစ်ကောင်စီထောက်တိုင် သတင်းပေးတွေ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို တော်လှန်ရေးအင်အားစုဘက်က ပစ်ခတ်ရှင်းလင်းမှုတွေ ရှိနေသလို လက်သည်မပေါ်ဘဲ သေဆုံးနေတဲ့ အလောင်းတွေ မကြာမကြာ တွေ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
 
ဓါတ်ပုံ – အဖြူရောင်နှလုံးသားလူမှုကူညီရေး