စစ်တွေမြို့ကို လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်လို့ ရိုဟင်ဂျာငါးဦးသေ

မတ်၊ ၁၀
 
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ပေါ်ကို ဒီလ ၉ ရက်၊ ည ၁၁ နာရီဝန်းကျင်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ရိုဟင်ဂျာငါးဦး သေဆုံးပြီး ရခိုင်နဲ့ ရိုဟင်ဂျာ အရပ်သား နှစ်ဆယ်ဝန်းကျင် ဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
 
စစ်တွေအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၁၂) ရဲတပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာဖြစ်ပြီး အနီးအနားရှိ ကသဲရပ်ကွက်နဲ့ အင်ဘာလာ ရိုဟင်ဂျာရပ်ကွက်ကြား ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
 
“ကသဲရပ်ကွက်မှာက အိမ်တွေ တအိမ်နဲ့တအိမ် ပြွတ်သိပ်နေတာလေ၊ ဒဏ်ရာရတာ များမယ်” လို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု လုံးဝမရှိသေးတဲ့ စစ်တွေမြို့တွင်းကို ပစ်ခတ်တာ အခုတကျော့ပြန်တိုက်ပွဲအတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ နှစ်ဆယ်ဝန်းကျင်ထိ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်မနက်ကလည်း စစ်တွေမြို့မဈေး ငါးနဲ့ ဟင်းသီးဟင်းရွက်ဈေးတန်းထဲကို ပွိုင့်ကမ်းခြေအနီးရှိ စစ်ရေယာဉ်ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ၁၂ ဦးထက်မနည်း သေဆုံးကာ ရှစ်ဆယ်ဝန်းကျင် ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
 
“ရဲတပ်ရင်းက ပစ်လိုက်တာ မီးတွေ လှမ်းမြင်ရတယ်၊ လက်နက်ကြီးလည်း အဲနားမှာပဲ ကျသွားတယ်၊ ဒဏ်ရာရတာ အများကြီးရှိမယ်၊ ပြင်းတဲ့သူတွေလည်း ပါတယ်” လို့ စစ်တွေမြို့ မင်းဂံရပ်ကွက် နေထိုင်သူတဦးက ပြောပါတယ်။
 
အဲဒီလို ထိခိုက်ဒဏ်ရာရသူတွေဟာ စစ်တွေမြို့ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြပြီး စစ်ကောင်စီတပ်က ဆေးရုံနဲ့ မြို့တွင်းလမ်းတွေမှာ နေရာယူ လှည့်ပတ်သွားလာနေကြတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
 
စစ်ကောင်စီဟာ ရခိုင်ဒေသတိုက်ပွဲတွေ ပြန်စပြီးနောက်ပိုင်း စစ်တွေမြို့ပေါ် အမှတ် (၁၂) ရဲတပ်ရင်း၊ ရေတပ်စခန်းတို့မှာပါ လက်နက်ကြီးအမြှောက်တွေ တိုးချဲ့တပ်ဆင်ပြီး ပစ်ခတ်နေခဲ့တာပါ။
 
ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ဒေသတိုက်ပွဲ သုံးလကျော်အတွင်း စစ်တွေမြို့နဲ့ ကပ်ရပ်မှာရှိတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်း တို့အပါအဝင် ပြည်နယ်မြောက်ပိုင်းက မြို့နယ်ခြောက်ခုကို သိမ်းပိုက်ထားပါတယ်။
 
ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်တို့မှာလည်း တိုက်ပွဲတွေရှိနေပြီး စစ်ကောင်စီအနေနဲ့ စစ်တွေမြို့ပေါ် တပ်ရင်းတွေကနေ လက်နက်ကြီး ပစ်ကူပေး‌တာတွေ ရှိနေပါတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ