မက္ကဆီကိုနဲ့ နယ်စပ်မှာ အမေရိကန် လုံခြုံရေး အစောင့်တပ် ရဟတ်ယာဉ်ပျက်ကျပြီး သုံးဦးသေ

မတ် ၊ ၉

မက္ကဆီကိုနဲ့ နယ်စပ်မှာ အမေရိကန် အမျိုးသား လုံခြုံရေး အစောင့်တပ်ရဲ့ ရဟတ်ယာဉ်တစီး ပျက်ကျခဲ့ပြီး သုံးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

 အမေရိကန်ရဲ့ တောင်ပိုင်းက မက္ကဆီကိုနဲ့ နယ်စပ်နားမှာ မတ်လ ၈ ရက်က ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်ပွားခဲ့တာပါ။ Lakota UH-72 အမျိုးအစား ရဟတ်ယာဉ် ပျက်ကျမှုမှာ သုံးဦးသေပြီး နောက်တဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ နယ်ခြားစောင့် လုံခြုံရေး အေးဂျင့်တဦးလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

 အမေရိကန်ရဲ့ တက္ကဆက်စ် ပြည်နယ်ထဲက စတားကောင်တီနဲ့ ကပ်လျက် တည်ရှိတဲ့ လာဂရူလာဆိုတဲ့ နယ်စပ်မြို့လေးနားမှာ ရဟတ်ယာဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ဒေသခံ သတင်းမီဒီယာတွေကတော့ ရဟတ်ယာဉ်ပေါ်မှာ လူလေးဦး စီးနင်း လိုက်ပါခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

 နယ်ခြားစောင့် ရဲတပ်ဖွဲ့က ရဟတ်ယာဉ် တစီး ပျက်ကျမှု သတင်းကို ကြားသိသိချင်း လိုအပ်တဲ့ အကူအညီတွေပေးဖို့ အပူတပြင်း ဆောင်ရွက်နေကြောင်း ကြေညာခဲ့ပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

 ရဟတ်ယာဉ်ဟာ လေ့ကျင့်မှု၊ ဒါမှမဟုတ် စစ်ဆင်ရေးတာဝန် တခုခု ထမ်းဆောင်နေရင်း ပျက်ကျတာလား၊ ဒါမှမဟုတ် ပြင်ပ ပယောဂ တခုခု ရှိခဲ့သလား ဆိုတာကိုတော့ လောလောဆယ် ဆက်လက် စုံစမ်းနေဆဲလို့လည်း သိရပါတယ်။

 Ref: The Sun