မတ်၊ ၅
အစ္စရေး နယ်စပ် မြို့ရွာတွေကို ကျူးကျော်ခဲ့ချိန်တုန်းက ဟားမားစ် ပြောက်ကျားတွေဟာ မုဒိမ်းမှု၊ အုပ်စုဖွဲ့ မုဒိမ်းမှုတွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ကုလသမဂ္ဂရဲ့ အထူး စုံစမ်းရေး အဖွဲ့က အပြီးသတ် ကောက်ချက်ချခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်မှာ ဟားမားစ်တွေက အစ္စရေး နယ်စပ်ဖက် ဖြတ်ကျော်ပြီး အလစ်အငိုက် စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၂၀၀ ကျော်သေဆုံးပြီး ၂၅၀ ကျော်ကလည်း ဂါဇာကမ်းမြှောင် ဒေသဖက်ဆီ ဓားစာခံတွေအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတာ ခံခဲ့ရပါတယ်။ ဟားမားစ်တွေရဲ့ ရန်စမှုကို အစ္စရေးက ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ရာက ဂါဇာစစ်ပွဲ စတင်လာခဲ့ပြီး အခုဆိုရင် စစ်ဒဏ်ကြောင့် ပါလက်စတိုင်း ၃၀၀၀၀ ကျော်ထိ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
အစ္စရေးက ဟားမားစ်တွေရဲ့ ကျူးကျော် တိုက်ခိုက်မှုအတွင်း မုဒိမ်းကျင့်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့သလို ပြန်လည် လွတ်မြောက်လာတဲ့ ဓားစာခံ အမျိုးသမီး တချို့ကလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရတာတွေကို တိုင်ကြားခဲ့ကြောင်း အစဉ်တစိုက် စွပ်စွဲ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း ကုလသမဂ္ဂကတော့ အစ္စရေးရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အခုမှသာ ပထမဆုံးအကြိမ် သဘောတူ လက်ခံတဲ့ အဓိပ္ပါယ်မျိုး မှတ်ချက် ပေးလာခဲ့တာပါ။ အစ္စရေး နယ်စပ်က မြို့ရွာတွေမှာ ဟားမားစ်တွေက ကျူးကျော်ရင်း မုဒိမ်းမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အဆိုကို စုံစမ်းစစ်ဆေးနေမှုအတွက် ကုလသမဂ္ဂရဲ့ ပဋိပက္ခကာလအတွင်း လိင်အကြမ်းဖက်မှုများ တိုက်ဖျက်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ပါမီလာ ပက်တန်ကိုယ်တိုင် အစ္စရေးကို သွားရောက်ခဲ့ပါတယ်။
အစီရင်ခံမှုတွေအရ မုဒိမ်းမှုနဲ့ အုပ်စုဖွဲ့ မုဒိမ်းမှုတွေဟာ Nova ဂီတပွဲတော်နဲ့ ပတ်ဝန်းကျင်၊ ၂၃၂ လမ်းနဲ့ ရီယမ် ဘုံစိုက်ပျိုးရေးရွာဆိုတဲ့ အနည်းဆုံး နေရာ ၃ ခုမှာ ဖြစ်ပွားခဲ့တယ်လို့ စုံစမ်းရေး အဖွဲ့တွေက အစီရင်ခံထားပါတယ်။
ဟားမားစ်တွေကတော့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ အမျိုးသမီးတွေအပေါ် မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ခါးခါးသီးသီး ငြင်းဆိုထားပါတယ်။
ပက်တန် ဦးဆောင်ပြီး မှုခင်းပညာရှင်တွေပါ ပါဝင်တဲ့ အဖွဲ့ဟာ ဇန်နဝါရီ ၂၉ ရက်ကနေ ဖေဖော်ဝါရီ ၁၄ ရက်အတွင်း အစ္စရေးကို သွားရောက်ပြီး စွပ်စွဲချက်တွေ၊ အထောက်အထား တင်ပြချက်တွေကို ဆန်းစစ်ခဲ့ပါတယ်။ အဲဒီ အဖွဲ့ဟာ အစ္စရေး ကိုယ်စားလှယ်တွေနဲ့ အစည်းအဝေး ၃၃ ကြိမ် ပြုလုပ်ခဲ့ပြီး ဓာတ်ပုံမှတ်တမ်း ၅၀၀၀ ကျော်နဲ့ နာရီ ၅၀ ကျော်ကြာ ဗီဒီယို မှတ်တမ်းတွေကို ဆန်းစစ် လေ့လာခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လိင်အကြမ်းဖက်မှု သားကောင် ဖြစ်ခဲ့သူတွေကတော့ ရှေ့ထွက်လာဖို့ ဆန္ဒမရှိတဲ့အတွက် သူတို့ကို မေးမြန်းခွင့် မရခဲ့ဘူးလို့ အဖွဲ့ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
အစ္စရေးဖက်က တင်ပြတဲ့ တချို့ လိင်အကြမ်းဖက်မှု စွပ်စွဲချက်တွေဟာ အခြေမခိုင်တာ၊ သက်သေမပြနိုင်တာတွေ ရှိခဲ့ပေမယ့်လည်း အဲဒီကျူးကျော် တိုက်ခိုက်မှု ဖြစ်စဉ်မှာ မုဒိမ်းမှုနဲ့ အုပ်စုဖွဲ့ မုဒိမ်းမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာကိုတော့ ခိုင်ခိုင်မာမာ ယုံကြည်ထိုက်တယ်လို့လည်း အစီရင်ခံထားပါတယ်။
အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ကုသလမဂ္ဂ အနေနဲ့ ဟားမားစ်တွေက လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့ကြောင်း အသိအမှတ် ပြုလာတဲ့အပေါ် ကျေနပ်မိတယ်လို့ ထုတ်ပြန်ထားပါတယ်။
Ref: CNN