မေ ၊ ၂
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အရှေ့ခြမ်းက သစ်ဖုလဘုရားကုန်းစခန်း တဝိုက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေကြား မနေ့က ညနေပိုင်းအထိတိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်က ကျေးရွာတချို့ကို မီးရှို့ထားသလို အမျိုးသားသုံးဦးကိုလည်း ပစ်သတ်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါ တယ်။
စစ်ကောင်စီတပ်တွေဟာ ကောလင်းမြို့တွင်းမှာ ပြန်လည်စိုးမိုးသွားပေမယ့် မြို့အနီးတဝိုက်မှာ တိုက်ပွဲ တွေဆက် ရှိနေတာဖြစ်ပြီး ကောလင်းမြို့နဲ့ ၁၃မိုင်ဝန်းကျင်အကွာက စစ်ကောင်စီရဲ့ သစ်ဖုလ ဘုရားကုန်းစခန်းကို ဖေဖော် ဝါရီလကုန်ပိုင်းမှာ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်ခဲ့ကြပါတယ်။
လေးရက်ဆက်ဖြစ်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲအပြီးမှာ စစ်ကောင်စီက အနီးဝန်းကျင်ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး နေပြီး ဖေဖော်ဝါရီ ၂၉ရက်ကတော့ ငါးကြီးအိုင်ရွာကိုမီးရှို့တာကြောင့် တရွာလုံးနီးပါး မီးလောင်သွားသလို အမျိုးသားသုံးဦးကိုလည်း ပစ်သတ်ထားတယ်လို့ မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Kawlin Revolution – KR ကဖော်ပြပါတယ်။
“ကောလင်းနယ်သားတွေတော့ မဟုတ်ဘူး၊ကောလင်းမှာ အလုပ်လာလုပ်နေတဲ့ ကလေးတွေပါ၊ အောက်ပိုင်း ကပါ။ ဘယ်သူဘယ်ဝါဆိုတာတော့ သေချာမသိရဘူး”လို့ အခြေအနေကိုသိတဲ့ ဒေသခံတဦးကလည်း DNA ကိုပြောပါတယ်။
ကောလင်းမြို့အရှေ့ဘက် ဆယ်သုံးမိုင်ခန့်အကွာ ရွှေဘို-မြစ်ကြီးနားကားလမ်းမဘေးမှာရှိတဲ့ သစ်ဖုလဘုရားကုန်း မှာ တိုက်ပွဲဖြစ်ခဲ့ကြပြီးနောက် အဲ့ဒီအနီးက ကျောက်တန်း၊ရွာမ၊ငါးကြီးအိုင်၊ ပေကုန်းနဲ့ ခံသာရွာတွေဘက်ကို စစ် ကောင်စီက စစ်ကြောင်းထိုးမီးရှို့မှုတွေလုပ်နေတယ်လို့သိရပါတယ်။
မနေ့က မတ်လ ၁ ရက်နေ့ မနက်ပိုင်းမှာ သစ်ဖုလတောင်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေက အင်အား နှစ်ရာလောက်နဲ့ စစ်ကြောင်း သုံးကြောင်းခွဲပြီး စခန်းအနီးမှာရှိတဲ့ ကျောက်တန်းရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Kawlin Revolution – KR ကဆိုထားပါတယ်။
ဒီကနေ့ မနက်ပိုင်းကလည်း ကောလင်းမြို့ပေါ် အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေက တိုက်ပွဲမရှိဘဲ ရွာမရွာ ကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေတယ်လို့ Kawlin Revolution – KR က ဖော်ပြပါတယ်။
“ကောလင်းမှာ တပ်ရင်း နှစ်ရင်း ရှိတယ်၊အခုဖြစ်နေတာက ရင်း ၁ နယ်မြေပါ၊အဲဒီမှာက အမြဲတမ်း စစ်ကြောင်း ထိုးခံရတော့ တိုက်ပွဲအမြဲဖြစ်တယ်။ စစ်ရှောင်တွေလည်း အမြဲတမ်းရှိတယ်။ ရင်း ၂ နယ်မြေမှာက စစ်ကြောင်း လည်းမရှိဘူး စကစ အထိုင်လည်း မရှိတော့ အေးချမ်းတယ်” လို့ အထက်ပါ ဒေသခံ ကဆိုပါတယ်။
လတ်တလောကောလင်းဒေသတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာရသူ တသောင်းကျော်လောက် ထပ်တိုး လာပြီး မြို့အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာ စုစုပေါင်း စစ်ဘေးရှောင်သုံးသောင်းလောက်ရှိနေကာ တခြားဒေသကို သွားရောက်တိမ်းရှောင်နေသူတွေလည်း ရှိနေတယ်လို့ Kawlin info ကအသိပေးထားပါတယ်။
“စစ်ရှောင်တွေကတော့ တိုးနေတယ်ဗျ။ အခက်အခဲတွေလည်း အများကြီးရှိနေပါတယ်၊အဓိကတော့ ဆီ၊ ဆန် ၊ ဆားတို့ ဆေးဝါး ပစ္စည်းတွေလိုနေပါတယ်” လို့ Kawlin Revolution – KR တာ၀န်ရှိသူ တဦးကပြောပါတယ်။
လက်ရှိကောလင်းဒေသခံ စစ်ရှောင်ပြည်သူတွေဟာ တောစပ်တွေ ကွင်းပြင်တွေမှာ ယာယီတဲတွေ ဆောက်လုပ် နေထိုင်ရပြီး လိုအပ်တဲ့ စားနပ်ရိက္ခာတွေကိုလည်း ကူညီထောက်ပံ့ပေးနေရတယ်လို့ ကောလင်းခရိုင် တပ်ရင်း ၂ ကထုတ်ပြန်ထားပါတယ်။
လက်ရှိ ကောလင်းဒေသက တိုက်ပွဲတွေနဲ့ ပက်သက်ပြီး သက်ဆိုင်ရာ တပ်ရင်းတွေကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းအခက်အခဲတွေကြောင့် ဆက်သွယ်လိုမ့ရသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေး ၀န်ကြီးဌာနက တပ်ရင်းတွေ သုံးလကြာထိန်းချူပ် ခဲ့တဲ့ ကော လင်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းယူပြီးနောက် မြို့ပေါ်ဧရိယာ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို မီးရှို့ဖျက် ဆီးခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေက ဆိုထားပါတယ်။
Photo- Kawlin revolution