ဖေဖော်ဝါရီ ၊ ၂၉
ရုရှားအတွက် ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ပေးနိုင်ဖို့ မြောက်ကိုရီးယား စစ်လက်နက် စက်ရုံတွေ အင်ပြည့်အားပြည့် လည်ပတ်နေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက သတိပေး ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဆီက စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေကို ဝယ်ယူပြီး ယူကရိန်း စစ်ပွဲမှာ ရုရှားက အသုံးချလာမှာကို နိုင်ငံတကာ စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း မနှစ်ကစလို့ ဆက်ဆံရေး သိသိသာသာ တိုးတက်လာတဲ့ နှစ်နိုင်ငံကတော့ လက်နက် အရောင်းအဝယ် သဘောတူညီမှုတွေ လုံးဝ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
အမေရိကန်နဲ့ အနောက် မဟာမိတ်တွေကတော့ စစ်ပွဲမှာ လက်နက်တွေ ပြုန်းတီးနေတာကို ဖြည့်တင်းဖို့အတွက် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ အထီးကျန် လက်နက် အင်အားကြီးနိုင်ငံ မြောက်ကိုရီးယားဆီက အကူအညီ ရယူမှာကို အလေးအနက် ပူပန်နေပါတယ်။
ယူကရိန်းမှာ မကြာသေးခင်က တွေ့ရှိခဲ့တဲ့ အထောက်အထားတွေ အရလည်း ရုရှားဟာ မြောက်ကိုရီးယားလုပ် အမျိုးအစားလို့ ယုံကြည်ရတဲ့ လက်နက်ကြီး ကျည်ဆန်တွေ အသုံးပြုနေတာ မြင်ခဲ့ရပါတယ်။
ဩဂုတ်လကစလို့ မြောက်ကိုရီးယားဟာ ရုရှားကို ကွန်တိန်နာ စုစုပေါင်း ၆၇၀၀ လောက် တင်ပို့ခဲ့ပြီး တနည်းအားဖြင့် အဲဒီထဲမှာ ၁၅၂ မမ အမြောက်ကျည်ဆန် ၃ သန်း၊ ဒါမှမဟုတ် ၁၂၂ မမ ဒုံးကျည်ပစ်စင် ၅ သိန်းလောက်ကို ထည့်သွင်းပေးလိုက်နိုင်မယ့် အဓိပ္ပါယ် ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ လက်နက် စက်ရုံ အများစုဟာ ကုန်ကြမ်း ပြတ်လပ်မှု၊ ဓာတ်အား မလုံလောက်မှုတွေကြောင့် စွမ်းအားပြည့်ရဲ့ ၃၀ ရာခိုင်နှုန်းလောက်သာ လည်ပတ်နိုင်လေ့ ရှိပေမယ့် ရုရှားအတွက် ခဲယမ်းမီးကျောက်တွေ ထုတ်လုပ်ပေးနေတယ်လို့ ယုံကြည်ရတဲ့ စက်ရုံတွေကတော့ စွမ်းအားပြည့် လည်ပတ်နေကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ်ခ်က ပြောပါတယ်။
ရုရှား-ယူကရိန်း စစ်ပွဲမှာ လက်နက်ကြီး ပစ်အားဟာ နှစ်ဖက်စလုံးအတွက် အထူးအရေးကြီးတဲ့ မဟာဗျူဟာ အရင်းအမြစ်မျိုး ဖြစ်နေပြီး ရုရှားဟာ လက်နက်ကြီးကျည်တွေ လျော့ပါးမှုကို မြောက်ကိုရီးယား အကူအညီနဲ့ ပြန်ဖြည့်တင်းနေတာလို့ ယုံကြည်ရပါတယ်။
စစ်ပွဲကာလ ၂ နှစ်ကျော်အတွင်း လက်နက်နဲ့ လူအင်အား အကြီးအကျယ် ပြုန်းတီးမှုတွေ ရှိခဲ့တဲ့တိုင် လောလောလတ်လတ်အဖြစ် နိုင်ငံ အရှေ့ပိုင်းမှာ အက်ဒစ်ဗ်ကာမြို့ကို သိမ်းယူနိုင်ခဲ့ခြင်းက အဲဒီ ပြုန်းတီးမှုတွေဒဏ်ကို တောင့်ခံနိုင်ဆဲဆိုတာ ရုရှားက ပြသနေတယ်လို့လည်း လေ့လာသူတွေက သုံးသပ် ပြောဆိုထားပါတယ်။
Ref: CNN