ရုရှားရဲ့ မဟာဗျူဟာ သူလျှိုလေယာဉ် ဒုတိယမြောက် တစင်းကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်း ထုတ်ပြန်

ဖေဖော်ဝါရီ ၊ ၂၄

ရုရှားအတွက် မဟာဗျူဟာအရ အရေးပါလာလှတဲ့ စပိုင်လေယာဉ် ဒုတိယမြောက် တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းက ကြေညာခဲ့ပါတယ်။

A-50 လေယာဉ်တွေဟာ ဝေဟင်အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနတွေလို့တောင် သတ်မှတ်ခံရပြီး ရုရှား စစ်တပ်အတွက် အထူးအရေးကြီးတဲ့ ပိုင်ဆိုင်မှုတွေထဲမှာ ပါဝင်ပါတယ်။ အဲဒီ လေယာဉ် တစီးကို အခုသီတင်းပတ်ထဲမှာ ရုရှားပိုင် ရော့စတော့ဗ်အွန်ဒွန်မြို့နဲ့ ခရက်စ်နိုဒါ မြို့တွေကြားမှာ ပစ်ချခဲ့တာလို့ ယူကရိန်းက ထုတ်ပြန်ပါတယ်။ လေယာဉ် ပစ်ချခံခဲ့ရတဲ့ နေရာဟာ ရှေ့တန်း စစ်မြေပြင်နဲ့ ကီလိုမီတာ ၂၀၀ လောက် ကွာဝေးပါတယ်။

ရုရှားဖက်က သတင်းတွေအရလည်း ကယ်ဆယ်ရေး အဖွဲ့တွေဟာ ကာနက်ဗ်စခွိုင် ခရိုင်ထဲမှာ လေယာဉ် အပျက်အစီး အစိတ်အပိုင်းတွေကို မီးလောင်လျက်သား ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရုရှား အစိုးရကတော့ A-50 လေယာဉ် နောက်တစီး ဆုံးရှုံးသွားတယ် ဆိုတာကို အတည်မပြုပါဘူး။

ယူကရိန်းဟာ လွန်ခဲ့တဲ့ တလကျော်လောက်ကပဲ အလားတူ A-50 တစီးကို ပစ်ချခဲ့ဖူးတယ်လို့ ကြေညာထားပါတယ်။ ယူကရိန်း လေတပ်က အကြီးအကဲ မိုင်ခိုလာ အိုလက်စ်ချုခ်က ရုရှားရဲ့ စပိုင်လေယာဉ်ကို ပစ်ချရာမှာ လေတပ်နဲ့ စစ်ထောက်လှမ်းရေးတို့ ပူးပေါင်း လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

A-50တွေဟာ ကွာဝေးလှတဲ့ ဒေသတွေထိ ရေဒါနဲ့ ထောက်လှမ်းနိုင်အောင် တည်ဆောက်ထားတဲ့ လေယာဉ်တွေ ဖြစ်ပါတယ်။ တကယ်လို့ ယူကရိန်းရဲ့ အဆိုအတိုင်း ဇန်နဝါရီ ၁၄ ရက်နေ့နဲ့ အခုတကြိမ်မှာ A-50တွေကို ဆုံးရှုံးခဲ့ရိုးမှန်ရင် ရုရှားမှာ အဲဒီလေယာဉ် စုစုပေါင်း ၅ စီးသာ လက်ကျန်ရှိတော့မယ့် သဘောပါ။

A-50တွေဟာ ရန်သူ့ လေကြောင်း ကာကွယ်ရေး စနစ်တွေကို ထောက်လှမ်းပြီး ရုရှား တိုက်လေယာဉ်တွေအတွက် လိုအပ်တဲ့ ထောက်လှမ်းရေး သတင်း အချက်အလက်တွေကို အချိန်နဲ့ တပြေးညီ ပေးပို့နိုင်ပါတယ်။ အဲဒီ လေယာဉ် တစီးစီရဲ့ တည်ဆောက်မှု စရိတ်ဟာ ဒေါ်လာ သန်းရာနဲ့ချီ များပြားနိုင်တယ်လို့လည်း သိရပါတယ်။ 

Ref: BBC