အိန္ဒိယမှာ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲ မီးလောင်ပြီး လူတဆယ်ဦးသေဆုံး

ဖေဖော်ဝါရီ၊ ၁၉

အိန္ဒိယနိုင်ငံက မီးရှူးမီးပန်း စက်ရုံ မီးလောင်မှုကြောင့် ၁၀ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့က အိန္ဒိယနိုင်ငံ တောင်ပိုင်း၊ တမီလ်နာဒူ ပြည်နယ်ထဲမှာရှိတဲ့ မီးရှူးမီးပန်း စက်ရုံမှာ ပေါက်ကွဲမှု ဖြစ်ပွားရာက မီးတွေ ပျံ့နှံ့ပြီး လောင်ကျွမ်းခဲ့တာလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဖီရိုဇီ ခန်း အက်ဘ်ဒူလာက AFP သတင်းဌာနကို ပြောပါတယ်။

ဒါပေမဲ့ ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။ ပေါက်ကွဲမှု အရှိန်က ပြင်းထန်ပြီး စက်ရုံတခုလုံး ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း၊ စက်ရုံ​ဝန်ထမ်း ၁၀ ဦး သေဆုံးပြီး နောက်ထပ် ၁၅ ဦးကိုတော့ ဆေးရုံ တင်ပို့ခဲ့ရကြောင်း သူက ဆိုပါတယ်။

မီးလောင်မှုကိုတော့ လျင်လျင်မြန်မြန်ပဲ ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့တယ်လို့လည်း အက်ဘ်ဒူလာက အတည်ပြုသွားပါတယ်။

အိန္ဒိယမှာတော့ ပြုပြင်ထိန်းသိမ်းမှု၊ လုံခြုံရေး အစီအမံဆိုင်ရာ အားနည်းချက်တွေကြောင့် စက်ရုံ မီးလောင်မှုတွေဆိုတာ မကြာခဏ ကြုံရတတ်တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

အခုဖြစ်စဉ် မတိုင်ခင် တရက်တုန်းကလည်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်နားက သုတ်ဆေး စက်ရုံတခု မီးလောင်မှု ဖြစ်ပွားရာက လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။ ဒီလထဲမှာပဲ မက်ဒ်ဟရာ ပရာဒေ့ရှ် ပြည်နယ်ထဲမှာ မီးရှူးမီးပန်း စက်ရုံတခု ပေါက်ကွဲ မီးလောင်ရာက လူ ၈ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ဒေလီမှာ ၂၀၁၉ ခုနှစ်တုန်းက ကျောပိုးအိတ်တွေနဲ့ ဖိနပ်တွေ ချုပ်လုပ်ရာ စက်ရုံ မီးလောင်မှု ဖြစ်ခဲ့ပြီး လူ ၄၀ ကျော် သေဆုံးဖူးခဲ့ကြောင်း သိရပါတယ်။

 

Ref: CNA