ခင်ပွန်းဖြစ်သူ အတိုက်အခံ ခေါင်းဆောင် သေဆုံးမှုကို ပူတင် အပြည့်အဝ တာဝန်ယူရမယ်လို့ ကျန်ရစ်သူ ဇနီးပြော

ဖေဖော်ဝါရီ ၊ ၁၇

ခင်ပွန်းသည် ကွယ်လွန်သွားတဲ့ ကိစ္စအတွက် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ သေချာပေါက် တာဝန်ယူရမယ်လို့ ရုရှား အဓိက အတိုက်အခံ ခေါင်းဆောင်ရဲ့ ဇနီးက ပြောပါတယ်။

အာတိတ်စက်ဝိုင်း ဒေသက ရုရှား အကျဉ်းစခန်း တခုထဲမှာ ထိန်းသိမ်း ခံထားရသူ အသက် ၄၇ နှစ်အရွယ် အလက်ဆီ နေဗယ်နီဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကွယ်လွန်သွားခဲ့ကြောင်း အကျဉ်း ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ သူဟာ မနက်ပိုင်းမှာ လမ်းလျှောက်ခဲ့တဲ့နောက် ရုတ်တရက် ကျန်းမာရေး ဖောက်ပြန်လာပြီး အသက်ဆုံးရှုံးခဲ့ကြောင်း၊ ထောင်ဆရာဝန်တွေက အစွမ်းကုန် ကြိုးစား ကုသပေးခဲ့ပေမယ့် မကယ်တင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အလက်ဆီဟာ ရုရှားမှာ လူသိအများဆုံး အတိုက်အခံ ခေါင်းဆောင်ဖြစ်သလို ပူတင်အတွက် အဓိက ပြိုင်ဘက်လို့လည်း ရှုမြင် ခံထားရပါတယ်။ သူဟာ ပြစ်ချက်ဟောင်းတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ သဘောတူညီမှုတွေကို ဖောက်ဖျက်တယ်ဆိုပြီး ထောင်ဒဏ် ချမှတ် ခံထားရတာပါ။

အလက်ဆီရဲ့ ဇနီးဖြစ်သူ ယူလီယာ အမ်ဘရိုဆီမိုဗာဟာ သတင်းကြားကြားချင်း အရမ်း တုန်လှုပ်သွားခဲ့ပြီး သူ့ခင်ပွန်း သေဆုံးမှုဟာ ပူတင်နဲ့ မဟာမိတ်တွေက ရုရှားမှာ ကျူးလွန်နေတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေထဲက တခုဖြစ်တဲ့အတွက် ပူတင်ဟာ သေချာပေါက် တာဝန်ယူရမယ်လို့ ပြောကြားခဲ့ပါတယ်။

 အခုလို ဗြောင်ကျကျ ကျူးလွန်တဲ့ မကောင်းဆိုးရွား လုပ်ရပ်မျိုးကို စုပေါင်း တွန်းလှန် တိုက်ဖျက်ပေးကြဖို့လည်း ယူလီယာက နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုခဲ့ပါတယ်။

 အလက်ဆီက သူဟာ ဘာအပြစ်မှ မရှိကြောင်းနဲ့ သူ့အပေါ် စွဲချက်တင်ထားတာတွေဟာ ပူတင်က နိုင်ငံရေးအရ ထိုးနှက် လုပ်ကြံတာသာဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ်။ သူဟာ ၂၀၂၀ ပြည်နှစ်တုန်းကလည်း အဆိပ်ခတ် ခံခဲ့ရဖူးပြီး အသက်လု ကုသခဲ့ရပါတယ်။ အဲဒီတုန်းက ယူလီယာက ရုရှားဆေးရုံတွေကို စိတ်မချတဲ့အတွက် ခင်ပွန်းသည်ကို ဂျာမနီမှာ သွားရောက် ကုသခွင့်ရရေး အပြင်းအထန် ကြိုးစားခဲ့ပါတယ်။ ဂျာမနီမှာ ဆေးရုံတက်ခဲ့တဲ့နောက် အလက်ဆီဟာ ဆိုဗီယက်ခေတ်သုံး အဆိပ်တမျိုးနဲ့ တိုက်ခိုက်ခံရတယ်ဆိုတဲ့ အထောက်အထားတွေ ထွက်ပေါ်လာခဲ့ပါတယ်။

 အလက်ဆီနဲ့ ယူလီယာတို့ဟာ ၂၀၀၀ ပြည့်နှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး သားသမီး ၂ ဦး ရှိနေပါတယ်။

 အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အလက်ဆီ ရုတ်တရက် သေဆုံးသွားတဲ့ ကိစ္စကို အထူးတုန်လှုပ်မိကြောင်း ပြောကြားခဲ့ပြီး ယူလီယာကို စာနာစကား ဆိုခဲ့ပါတယ်။ နောက်ပြီး ဒီဖြစ်ရပ်အတွက် ပူတင်နဲ့ လက်အောက်ခံ လူရမ်းကားတွေမှာ အပြည့်အဝ တာဝန်ရှိယ်လို့ ဘိုင်ဒန်က ပြောပါတယ်။

 လက်ရှိ အချိန်ထိတော့ ရုရှား အတိုက်အခံခေါင်းဆောင် ရုတ်တရက် သေဆုံးမှု အကြောင်းရင်းတွေက ရှုပ်ထွေးနေဆဲဖြစ်ပြီး ရုရှားအာဏာပိုင်တွေကလည်း တိတိကျကျ အချက်အလက်တွေ မထုတ်ပြန်သေးပါဘူး။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ပူတင်ရဲ့ ရန်ဘက်လို့ သတ်မှတ်နိုင်သူတွေဟာ သံသယဖြစ်စရာ မတော်တဆမှုတွေ၊ အခြေအနေတွေနဲ့ ဆက်တိုက် သေဆုံးခဲ့ပြီး အခုတော့ အလက်ဆီလည်း အကြောင်းရင်း ရေရေရာရာ မသိရသေးဘဲ အသက်ဆုံးရှုံးသွားခဲ့တာ ဖြစ်ပါတယ်။

 အမေရိကန် အစိုးရကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး ရုရှားအစိုးရကို တုံ့ပြန် အရေးယူမယ့် အစီအစဉ်တွေ စဉ်းစားနေပြီလို့ ပြောပါတယ်။ ကရင်မလင် နန်းတော်ကတော့ လောလောဆယ် ဘာမှ မှတ်ချက် မပေးသေးပေမယ့် အရင်တုန်းက အတိုက်အခံတွေ သေဆုံးမှုတိုင်းမှာ ပတ်သက်ဆက်နွှယ်မှု မရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုလေ့ ရှိခဲ့ပါတယ်။

 

Ref: CNN