ဇရပ်ကြီးမှာပိတ်မိနေတဲ့ အရပ်သားထောင်ဂဏန်းအရေးပေါ် အကူအညီလိုအပ်

ဖေဖော်ဝါရီ ၊ ၈

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့မှာ မနေ့က စတင်ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း အရပ်သားတွေ ထောင်ချီပိတ်မိနေတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူတွေက ပြောပါတယ်။

” ထွက်မရဘူး၊ ကားမရှိတော့ဘူး၊ နေ့လည်ကအထိတော့ ကားကြိုတာရှိတယ်၊ အဒေါ်တို့က လယ်ထဲကနေ ထွက်လာတာ အခုမှ ပြန်ရောက်တော့ ကားမရှိတော့ဘူး၊ အများကြီးပဲ လူက ထောင်လောက်ကျန်နေမယ် ပိတ်မိနေတာလေ” လို့ ဇရပ်ကြီးမြို့မှာ ပိတ်နေတဲ့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

ဇရပ်ကြီးမြို့ရှိခြေလျင်တပ်ရင်း ခလရ (၇၃)၊ ရဲစခန်း၊ ချောင်းခြားစခန်း၊ မြို့စိုးစခန်းအပါအဝင် စစ်ကောင်စီအခြေချတပ်စွဲထားတဲ့ စခန်းတွေကို ဖေဖော်ဝါရီလ ၇ ရက် မနက် ၃ နာရီက တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်ကောင်စီဘက်ကဒီကနေ့ ဖေဖော်ဝါရီလ ၈ ရက် နေ့လယ်ပိုင်းအထိလေကြောင်းတိုက်ခိုက်မူအ​​​ပြင်လက်နက်ကြီးပစ်ခတ်မူပါ​ပြုလုပ်​​နေတာမလို့​ဒေသခံတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဇရပ်ကြီးမြို့မှာ လူဦးရေရှစ်ထောင်ဝန်းကျင်ခန့်ရှိနိုင်ပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့သူက ငါးထောင်ကျော်လောက်ရှိနေပြီးဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။

“ကျွန်တော်တို့က တက်နိုင်သလောက် မြို့အဝင်နားအထိ သွားကြိုပေးတယ်၊ မနေ့ညနေကတည်းကထွက်ပြေးနေတာ တော်တော်များတယ်၊ လေးငါးထောင်လောက်ရှိမယ်” လို့ သူက ပြောပါတယ်။

အရပ်သား​​ပြည်သူ​တွေဟာ ဒေသတွင်း ပရဟိတအဖွဲ့တွေရဲ့ အကူအညီနဲ့ တောင်ငူမြို့ဘက်ကို အဓိက တိမ်းရှောင်လာကြတာဖြစ်ပြီး တောင်ငူမြို့ရှိ နီးစပ်ရာဆွေမျိုးနေအိမ်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ယာယီစစ်ရှောင်စခန်းတွေမှာ နေရာချစီစဉ်ပေးထားကြတယ်လို့ ဆိုပါတယ်။

“နေထိုင်ဖို့အခက်အခဲရှိတဲ့သူက အများကြီးရှိနေတယ်၊ အတက်နိုင်ဆုံးတော့ အဆင်ပြေအောင် ကူညီပေးထားကြတာပဲ၊ စားသောက်ဖို့က အသင်းအဖွဲ့အလှူရှင်တွေကပဲ လုပ်ပေးနေတာပေါ့” လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူက ပြောပါတယ်။

ဒါ့အပြင် မြို့ထဲမှာ ပိတ်မိနေတဲ့သူတွေ ဘေးလွတ်ရာကို ပြောင်းရွေ့ကူညီကယ်ထုတ်နိုင်ဖို့ ဆောင်ရွက်နေပေမဲ့ လူအရမ်းများတဲ့အတွက် သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲတချို့ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေကို စစ်ကောင်စီအုပ်ချုပ်ရေးဘက်က တစုံတရာ ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးခြင်းမရှိသေးဘူးလို့လည်း သူက ဆိုပါတယ်။

ဇရပ်ကြီးမြို့တိုက်ပွဲမှာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း အရပ်သား ရှစ်ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိနေပြီး နေအိမ်အဆောက်အဦများစွာလည်း မီးလောင်ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“တခါမှ မကြုံဖူးဘူးလေ၊ ကြောက်တာပေါ့၊ ချွေးနည်းစာနဲ့ စုစောင်းပြီး ဆောက်ထားတဲ့အိမ် မီးလောင်သွားပြီး မရှိတော့ဘူး၊ ဒီစစ်ကြီး မြန်မြန်ပြီးချင်နေပြီး သားရယ်” လို့ DNA က ဆက်သွယ်ရရှိခဲ့တဲ့ အသက် ၅၀ ကျော်အရွယ် ဇရပ်ကြီးမြို့ခံတဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်းကြီး ဦးတင်ဦးက ဒေသခံတွေ ဘေးလွတ်ရာရှောင်နေရတာရှိပေမဲ့ မြို့ကနေ ထွက်ပြေးနေရတာ မရှိသလို အရပ်သားထိခိုက်သေဆုံးတာမရှိဘူးလို့ ဒီကနေ့မှာ RFA သတင်းဌာနကို ဖြေဆိုထားပါတယ်။

” ဒီနေ့တော့ နှစ်ဖက်ပစ်ခတ်မှု သိပ်မရှိဘူး၊ လေယာဉ်နဲ့တော့ ပစ်တယ်၊ မနက်ပိုင်းကလေ၊ ကုန်ပြီး အိမ်တွေ မီးလောင်ကုန်ပြီး ဘာမှ ယူလို့မရတော့ဘူး၊ သေတဲ့သူက သေ၊ အလောင်းလဲ မကောက်ရသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

ဇရပ်ကြီးမြို့မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က ဒီကနေ့အထိ သတင်းတစုံတရာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ဇရပ်ကြီးမြို့တိုက်ပွဲမှာ စစ်ကောင်စီအတွက် အရေးပါတဲ့ စခန်းတချို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ ဒု- စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ဖေဖော်ဝါရီလ ၇ ရက်မှာ DNA  ကိုဖြေကြားထားပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိနေသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ငါးဦးသေဆုံးကာ ဆယ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ရှေ့တန်းရဲဘော်တွေနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တဦးက ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာတော့ ဇရပ်ကြီးမြို့ရှိ တပ်ရင်းတပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့ လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Photo-KIC