ရေးမှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေ မောင်းလာတဲ့ကားကို ရေးဘီလူးအဖွဲ့ ပစ်ခတ်လို့ သုံးဦးသေဆုံး

ဇန်နဝါရီ၊ ၂၄
 
မွန်ပြည်နယ်၊ ရေးမြို့နယ် စုံနံ့သာကျေးရွာအနီးက ကားလမ်းမမှာ ဒီကနေ့ မနက် ၇ နာရီလောက်က မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေ မောင်းနှင်လာတဲ့ ကားကို ပစ်ခတ်ရာမှာ အဲဒီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က DNA ကိုပြောပါတယ်။
 
“ ခံသင်း ဂိတ်ကနေ သူတို့ကားနဲ့ ထွက်လာတာကို စောင့်ပြီး ပစ်တာပဲ၊ ဒီကောင်တွေ ထိသွားတယ်၊ အဲဒီမှာပဲ ကျသွားတာ ” လို့ သူကပြောပါတယ်။
 
မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ ၂၀၁၀ ခုနှစ်ကတည်းက မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ခဲ့ပြီး စစ်အစိုးရဆီ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခဲ့တဲ့ အဖွဲ့တခု ဖြစ်ပါတယ်။
 
ရေးမြို့နယ် အာယုတောင်နဲ့ စုံနံ့သာကျေးရွာ ကြားရှိ ခံသင်းတံတားဂိတ်မှာ လုံခြုံရေးယူပေးနေတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်က တပ်ဖွဲ့ဝင်သုံးဦး အိမ်စီးကားနဲ့ ထွက်လာချိန်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး နိုင်စိုး ဆိုသူအပါအဝင် တပ်ဖွဲ့ဝင်သုံးဦး နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
 
“ အလင်းဝင်ပြီးနောက်ပိုင်း စစ်ကောင်စီက လက်နက်တွေ ထုတ်ထားပေးတာ၊ ကိုယ်ပိုင်နေရာလေးတွေ ပေးထားတာ ” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
 
ဒါ့အပြင် AK သေနတ် နှစ်လက်၊ ၄၀ မမ တလက် အပါအဝင် လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေ အခင်းဖြစ်နေရာကို ရောက်လာပြီး ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
မွန်ပြည်သစ်ပါတီ ကနေခွဲထွက်ခဲ့တဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ခဲ့တဲ့ ၁၂ နှစ် မြောက်နေ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဌာနေပြည်သူ့စစ် အဖြစ် တာဝန်ထမ်းဆောင်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
 
ဓာတ်ပုံ – ရေးဘီလူး