နိုဝင်ဘာ၊ ၁၃
နိုင်ငံ လက်ရွေးစင် အသင်းရဲ့ ဘောလုံးသမား တဦးဟာ ပွဲကစားနေချိန်အတွင်း ရုတ်တရက် လဲကျပြီး သေဆုံးသွားကြောင်း ဂါနာ ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။
ရာဖေးလ် ဒွာမီနာဟာ နိုဝင်ဘာ ၁၁ ရက်က ကွယ်လွန်ချိန်မှာ အသက် ၂၈ နှစ်သာ ရှိပါသေးတယ်။ အခက်ခဲဆုံး ကာလတွေမှာ ကျန်ရစ်သူ မိသားစုကို အစွမ်းကုန် ဖေးမ ကူညီသွားမယ်လို့ ဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။
ဒွာမီနာဟာ ဂါနာ လက်ရွေးစင် အသင်းအတွက် ၉ ပွဲ ကစားပြီး ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ဖူးပါတယ်။ သူဟာ နှလုံးပြဿနာ ရှိနေကြောင်း ၂၀၁၇ ခုနှစ်မှာ ဆေးစစ် တွေ့ရှိခဲ့ဖူးပြီး ၂၀၂၀ ပြည့်နှစ်၊ စပိန်ကလပ် လီဗန်တေးမှာ ကစားနေတုန်းက နှလုံးသွေးကြော အခြေအနေကို စောင့်ကြည့်တဲ့ ကိရိယာတခု ထည့်သွင်းတဲ့ ခွဲစိတ်မှုကို ခံယူခဲ့ပါတယ်။
နောက်တနှစ်မှာ သူဟာ ဩစတြီးယားကလပ် ဘလူအာဝီးစ်လင့်ဇ်ကို ပြောင်းရွှေ့ခဲ့ပြီး ဟတ်ဘက်ဂ် အသင်းနဲ့ ယှဉ်ပြိုင်ချိန်မှာ ကွင်းထဲ လဲကျသွားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းကတော့ ဒွာမီနာက လျင်လျင်မြန်မြန် ပြန်လည် ကြံ့ခိုင်လာခဲ့ပါတယ်။
သူဟာ နောက်ဆုံးကလပ်အဖြစ် အယ်လ်ဘေးနီးယားရဲ့ အက်ဂ်နာရှားမှာ ပရော်ဖက်ရှင်နယ်အဖြစ် ကစားနေခဲ့ပြီး ပါတီဇာနီ အသင်းနဲ့ ယှဉ်ပြိုင်ချိန်မှာ နောက်တခါ လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ကာဗာဂျီမြို့က ဆေးရုံဆီ အရေးပေါ် တင်ပို့ခဲ့ပေမယ့် နှလုံးဖောက်တဲ့ အခြေအနေက အရမ်းဆိုးတာကြောင့် အသက်မမီခဲ့ပါဘူး။
ဒွာမီနာဟာ ဩစတြီးယား ထိပ်တန်းကလပ် ရက်ဒ်ဘူးလ် ဆဲလ်ဇ်ဘက်ဂ်မှာ အလားအလာ ကောင်းမွန်တဲ့ လူငယ်ခြေတက် တိုက်စစ်မှူး တဦးအဖြစ် စတင် တောက်ပလာခဲ့ပေမယ့် ကျန်းမာရေး ပြဿနာတွေက သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘဝ တိုးတက်မှုတွေကို ဟန့်တားခဲ့ပါတယ်။ သူဟာ စပိန်၊ ဆွစ်ဇာလန်၊ ဩစတြီးယားနဲ့ ဒိန်းမတ် ကလပ်တွေမှာ လှည့်လည် ကစားခဲ့ဖူးကြောင်းလည်း သိရပါတယ်။
Ref: CNN