မူဆယ်မှာ ဗုံးခိုကျင်းပြိုကျလို့ သားအမိနှစ်ဦး​သေဆုံး

အောက်တိုဘာ၊ ၃
 
တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီးက နမ့်ခွမ်ရွာမှာ နိုဝင်ဘာ ၁ ရက်ညပိုင်းက ဗုံးခိုကျင်း ပြိုကျလို့ အဲဒီကျင်းထဲ အိပ်ပျော်နေတဲ့ သားအမိနှစ်ဦး သေဆုံးသွားတယ်လို့ မူဆယ်မြို့ခံ အမျိုးသားတဦးက DNA ကို ပြောပါတယ်။
အမည်နဲ့ အသက်အရွယ်တွေ စတဲ့အသေးစိတ်အချက်အလက်တွေ အတည်မပြုနိုင်သေးတဲ့ နမ့်ခွမ်ရွာခံ သားအမိ နှစ်ဦးဟာ နိုဝင်ဘာ ၁ ရက်ညပိုင်းက လက်နက်ကြီးသံတွေ ကြားတာကြောင့် အိမ်နောက်ဖေးဘက်မှာ တူးထားတဲ့ ဗုံးခိုကျင်းထဲ ဝင်အိပ်ကြရာက မြေပြိုပြီး နှစ်ဦးလုံး သေဆုံးခဲ့တာလို့ သိရပါတယ်။
 
နမ့်ခွန်ရွာဟာ မူဆယ်မြို့ ၁၀၅ မိုင်တိုးဂိတ်အနီး မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီး အနီးက ရွာဖြစ်ပြီး အခင်းဖြစ်ပွားတဲ့ညက အဲဒီရွာပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ အမှန်​တော့ ၁ ရက်​နေ့ညမှာ​တော့ အဲ့နမ့်ခွမ်ရွာဘက်မှာက စစ်ပွဲမဖြစ်ဘူး၊ ဒါပေမယ့် မူဆယ်ဘက်မှာ​တော့ လက်နက်ကြီးသံ​တွေ ကြားရ​တော့ သူတို့ ကြို​ရှောင်ရာက​နေ အဲ့လိုဖြစ်သွားတာ ” လို့ ​အထက်ပါ မူဆယ်မြို့ခံက ​ပြောပါတယ်။
အဲဒီသားအမိနှစ်ဦး ဗုံးခိုကျင်း ပြိုကျပြီး မြေပိနေတာကို အိမ်နီးနားချင်းတွေက နောက်တနေ့မနက်မှ သိကြရတာကြောင့် တူးဖော်ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် နှစ်ဦးလုံး သေဆုံးနေကြတာလို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ သားအမိနှစ်ဦးမှာ မိသားစုဝင်​တွေ ရှိ​ပေမယ့် တခြားနယ်​တွေမှာ အလုပ်သွား​ရောက်လုပ်​ကိုင်​နေကြတာကြတာလို့ သိရပါတယ်။
အဲဒီသားအမိနှစ်ဦး တူးဖော်ခိုလှုံခဲ့ကြတဲ့ ဗုံးခိုကျင်းအနေအထားအရ ခိုင်ခံ့မှုအားနည်းသလို စနစ်တကျ ဆောက်လုပ်ထားခြင်း မရှိတာကြောင့် အခုလို ပြိုကျပြီး လူသေဆုံးမှု ဖြစ်ရတာလို့ မူဆယ်မြို့ခံ အမျိုးသားက သုံးသပ်ပါတယ်။
​“ သူတို့က ဒီ​အောက်က ခံတဲ့ သစ်တုံးက သူက​သေးတယ်၊ အဲ့ဒီအ​ပေါ်ကို ကျ​တော့ ​မြေ​ကြီးကအဆမတန်တင်ထားတာ​လေ၊ အဲ့ဒီ​တော့ တင်ထားတဲ့ ​မြေကြီးရဲ့ဝိတ်ကို မခံနိုင်​တဲ့အခါကျတော့ ကျိုးကျသွားတဲ့သ​ဘော​ပေါ့ ” လို့ ​သူက ရှင်းပြပါတယ်။ ​
ဗုံးခိုကျင်း တူးဖော်ပြင်ဆင်မှုနဲ့ပတ်သက်လို့ ကျင်းထောင့်တွေ နက်နက်တူးဖို့၊ ကျင်းပေါ်က အုပ်မယ့် တန်းတွေပတ်လည်မိနေဖို့၊ ဗုံးခိုကျင်းအမိုး အဖြစ် အသုံးပြုမယ့် မျှောတန်းတွေ တောင့်တင်းခိုင်မာဖို့အပြင် သဲအိတ်တွေ ထပ်စီပုံ စနစ်ကျဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG က ထုတ်ပြန်အသိပေးထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှုတွေကြောင့် တိုက်ပွဲတွေ ဖြစ်နေသလို စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်ရာ ဒေသတွေမှာ ဗုံးခိုကျင်းတွေ တူးထားလေ့ရှိပါတယ်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာတော့ ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးနဲ့ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်နေပြီး မူဆယ်မြို့နယ်ဟာလည်း အဲဒီစစ်ဆင်ရေး နယ်မြေထဲ ပါဝင်နေတာပါ။
ဒါ့အပြင် လက်ရှိ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်ကတည်း မူဆယ်မြို့နယ်အတွင်းမှာ အခုနှစ် နှစ်လယ်ပိုင်းကစလို့ တအာင်းတပ် TNLA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။ 
 
ဓာတ်ပုံ – CJ