အောက်တိုဘာ ၊ ၂၈
အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်မှာ လူ ၁၈ ဦး သေဆုံးစေခဲ့တဲ့ ပစ်ခတ်မှု ကျူးလွန်သူကို သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ကြေညာခဲ့ပါတယ်။
အောက်တိုဘာ ၂၅ ရက် ပစ်ခတ်မှုအပြီး တရားခံကို ၃ ရက်ကြာ လိုက်လံ ရှာဖွေခဲ့တဲ့နောက် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ပစ်ခတ်ထားတယ်လို့ ယုံကြည်ရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးလျက်သား တွေ့ခဲ့ရတာပါ။ အသက် ၄၀ အရွယ် ရောဘတ်ကတ်ဒ် သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့တဲ့နောက် မိန်းမှာရှိတဲ့ လီဝင်စတန် မြို့လေးမှာ ပြည်သူတွေ အတတ်နိုင်ဆုံး အိမ်ထဲမှာပဲ နေကြဖို့ ညွှန်ကြားထားမှုကို ရဲတပ်ဖွဲ့က ရုပ်သိမ်းလိုက်ပါတယ်။
ပုံမှန်ဆိုရင် အေးချမ်း ငြိမ်သက်နေလေ့ရှိတဲ့ မြို့လေးဟာ အခုသီတင်းပတ်ထဲမှာ ဖြစ်ပွားတဲ့ သေနတ်ကိုင် ရမ်းကားတဲ့ မှုခင်းကြောင့် အထိတ်တလန့် အခြေအနေတွေကို ကြုံခဲ့ရပါတယ်။ ကတ်ဒ်ဟာ ချေမှုန်းရေး ရိုင်ဖယ်ကို အသုံးပြုပြီး မြို့ထဲက နေရာနှစ်ခုမှာ ပစ်ခတ်ခဲ့တဲ့နောက် ထွက်ပြေး တိမ်းရှောင်နေခဲ့တာပါ။ သူ့လက်ချက်ကြောင့် အသက် ၁၄ နှစ်နဲ့ ၇၆ နှစ်ကြား စုစုပေါင်း လူ ၁၈ ဦး သေဆုံးခဲ့ရပါတယ်။
ပစ်ခတ်မှုရဲ့ အဓိက သံသယ တရားခံကို ရှာတွေ့ပြီး သူသေဆုံးခဲ့ပြီဆိုတာ အတည်ပြုနိုင်ကြောင်း မြို့ခံ ရဲတပ်ဖွဲ့ရဲ့ Facebook စာမျက်နှာမှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ တရားခံရဲ့ အလောင်းကို ပစ်ခတ်မှုတွေ ဖြစ်ပွားရာ နေရာနားက လစ္စဘွန်း ရပ်ကွက်ထဲမှာ ရှာတွေ့ခဲ့တယ်လို့လည်း ဆိုပါတယ်။
မြို့ခံလူထုအတွက် ရောဘတ်ကတ်ဒ်ဟာ ဆက်လက် ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ဘူးဆိုတဲ့ အတွေးနဲ့တင် အများကြီး စိတ်လက်ပေါ့ပါးသွားတယ်လို့ မိန်းပြည်နယ် အုပ်ချုပ်ရေးမှူး ဂျနတ်မေးလ်စ်က ပြောပါတယ်။ ဖြစ်ရပ်ဆိုးကြီး ပြီးဆုံးသွားတဲ့တိုင် လက်တွေ့ သက်ရောက် ခံစားခဲ့ရတဲ့ လူ့အဖွဲ့အစည်းဟာ စိတ်ဒဏ်ရာတွေကို ကုစားဖို့ ရှည်ရှည်လျားလျား အချိန်ယူရဦးမယ်လို့လည်း မေးလ်စ်က ပြောကြားသွားပါတယ်။
ကတ်ဒ်ဟာ မြို့ထဲက ဘိုးလင်းရုံ တခုနဲ့ စားသောက်ဆိုင် တခုမှာ ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဘိုးလင်းရုံထဲမှာ လူ ၇ ဦးသေပြီး စားသောက်ဆိုင်ထဲမှာ နောက်ထပ် အလောင်း ၈ လောင်းကို တွေ့ရှိခဲ့ကြောင်း၊ နောက်ထပ် ၃ ယောက်ကတော့ ဆေးရုံမှာ ကွယ်လွန်ခဲ့ကြောင်း လီဝင်စတန် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။