လောင်းလုံးမှာ ဒီချုပ်ပါတီဝင် တဦးအပါအဝင် နှစ်ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး

အောက်တိုဘာ၊ ၂၇
 
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မင်းရပ်ရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) ပါတီဝင် အမျိုးသားတဦး အပါအဝင် ရွာခံနှစ်ဦး စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက်၊မနေ့က နေ့လယ်ပိုင်းက ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အဖမ်းခံရသူနှစ်ဦးဟာ အသက် လေးဆယ်ဝန်းကျင်ရှိတဲ့ ဒီချုပ်ပါတီဝင် ဦးအောင်ကျော်စိုးနဲ့ အသက် ၁၈ နှစ် ဝန်းကျင်ရှိ ကိုစိုင်းသီဟကျော် တို့ဖြစ်တယ်လို့ သိရပါတယ်။
 
” ကိုအောင်ကျော်စိုးကိုတော့ အိမ်မှာပဲ ဝင်ဖမ်းသွားတယ်။ မခေါ်သွားခင် အိမ်မှာတောင် တော်တော် ရိုက်သွားသေးတာ။ ရိုက်ခံထိလို့ အော်နေတာ ဘေးအိမ်ကလူတွေ ကြားရတယ် ” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ မင်းရပ်ရွာခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
 
ထားဝယ်ဘက်ကနေ ကားနှစ်စီးနဲ့ ဆင်းလာတဲ့ အင်အား နှစ်ဆယ်ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာလမ်းပိုင်းမှာ ကားနားပြီးမှ ရွာထဲ ခြေလျင်ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
 
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဦးအောင်ကျော်စိုးကို နေအိမ်မှာ ဝင်မဖမ်းခင် သူနေထိုင်လေ့ရှိတဲ့ ရွာအပြင်နားက တဲအိမ်တလုံးကို အရင်ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး အဲဒီမှာရှိနေတဲ့ ကိုစိုင်းသီဟကျော်ကို အရင်ဖမ်းဆီးခဲ့တာပါ။
 
အဲဒီနောက်မှာတော့ ကိုစိုင်းသီဟကျော်ကို ဖမ်းခေါ်လာခဲ့ပြီး ဦးအောင်ကျော်စိုးရဲ့ နေအိမ်ကို ထပ်မံဝင်ရောက်စီးနင်းတဲ့အချိန်မှ ဦးအောင်ကျော်စိုး ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
 
” (ဦးအောင်ကျော်စိုး)သူ့ကို လိုလို့ပဲ နေရာအတိအကျနဲ့ လာရှာတာ၊ အရင်ကတည်းက နိုင်ငံရေးမှာ ပါတာဆိုတော့ အခုလည်း တော်လှန်ရေးမှာ ပါတာဖြစ်လိမ့်မယ်။ နောက်တယောက်ကိုတော့ ဘာလို့ဖမ်းသွားလဲမသိဘူး ” လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
 
အခုလို အဖမ်းခံရတဲ့ ဦးအောင်ကျော်စိုးဟာ အခုနှစ် မေလထဲက ထိုင်းနိုင်ငံမှာ တိမ်းရှောင်ရင်း ကွယ်လွန်သွားတဲ့ ဒီချုပ်အစိုးရလက်ထက် တနင်္သာရီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးတဦးဖြစ်သူ ဦးမြင့်စန်းရဲ့ ကားမောင်းသမား လုပ်ဖူးသူလည်း ဖြစ်တယ်လို့ သိရပါတယ်။
 
” သူ(ဦးအောင်ကျော်စိုး)က အစကတော့ အိမ်မှာ မနေဘူး။ ခြေထောက်လည်း နာနေတာသူ့မှာ၊ ဆေးကုရင်းနဲ့ အိမ်မှာလာနေတုန်း ဖမ်းခံထိသွားတာဖြစ်မယ်။ သူ့မိသားစုလည်း အစကတည်းက တခြားမှာ ရှောင်နေတာ ” လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
ဖမ်းဆီးခံရသူ နှစ်ဦးစလုံးကိုတော့ စစ်ကောင်စီတပ်က ထားဝယ်မြို့ဘက်ကို ခေါ်ဆောင်သွားပေမယ့် ဘယ်နေရာကို ခေါ်သွားလဲဆိုတာကိုတော့ မိသားစုဝင်တွေလည်း အတိအကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။
 
ဒီချုပ်ပါတီကတော့ မြန်မာနိုင်ငံတဝှမ်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် အာဏာသိမ်းပြီးနောက် နှစ်နှစ်ခွဲကျော်အတွင်း ပါတီဝင် ‌၁,၇၆၉ ဦး အဖမ်းခံထားရတယ်လို့ ပါတီတည်ထောင်ခြင်း ၃၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
 
ဓာတ်ပုံ – Social Media