၁၀လအတွင်း NLDပါတီဝင် ၁၃ဦးကျဆုံး၊၄၀၀ကျော် ဖမ်းဆီးခံထားရဆဲ

၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။

အာဏာသိမ်းကာလ၁၀လအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်၁၃ဦး ကျဆုံးခဲ့ပြီး အယောက် ၄၀၀ကျော်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ (CWC)က ထုတ်ပြန်ပါတယ်။

အဲဒီစာရင်းဟာ ဖေဖေါ်ဝါရီ၁ရက်ကနေ နိုဝင်ဘာ၃၀ရက်အထိ NLD ဗဟိုအလုပ်ကော်မတီ ကကောက်ယူထား တဲ့စာရင်းဖြစ်ပြီးလက်ရှိဖမ်းဆီးထိန်းသိမ်းခံထားရသူစုစုပေါင်းမှာ ၄၃၂ဦးရှိပါတယ်။

ကျဆုံး၁၃ဦးမှာ စစ်ကြောရေးစခန်းမှာ သတ်ဖြတ်ခံရသူ၊အကျဉ်းကျနေစဉ် ကျဆုံးသူနဲ့ ပြန်လည် လွတ်မြောက်ပြီးမကြာမီ ကျဆုံးသွားသူတို့ဖြစ်ကြောင်း သိရပါတယ်။

NLDဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းဟာ အင်းစိန်ထောင်ထဲမှာ ကိုဗစ်ပိုးကူးစက်ခံရတာကြောင့် ကျဆုံးခဲ့ခြင်းဖြစ်ပြီး ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူးမုံရွာအောင်ရှင်ဟာ စစ်ကြောရေးစခန်းကနေ ပြန်လည်လွတ်မြောက်လာပြီးတစ်လအကြာမှာ ကျဆုံးခဲ့ရတာပါ။

‘တိုက်ထဲမှာ သီးခြားနေရတဲ့ ဦးဉာဏ်ဝင်း ကိုဗစ်ပိုးကူးစက်ခံရတာဟာ ရည်ရွယ်ချက်ရှိရှိ ကူးစက်စေတာလား ဆိုတာ သံသယဖြစ်စရာပါ။ပြီးတော့ ဦးဉာဏ်ဝင်းဟာ အသက်ကြီးနေပြီမို့ ကူးစက်ခံရတာနဲ့ လုံလောက်တဲ့ ဆေးဝါးကုသမှုရခင်ရင် အခုလိုအဖြစ်ဆိုးပါ့မလားလို့ မေးခွန်းထုတ်ရပါမယ်’လို့ ရန်ကုန်တိုင်းအတွင်းရှိ ၂၀၂၀ ရွေးကောက်ခံ NLD အမတ်တစ်ဦးကပြောပါတယ်။

ဦးဉာဏ်ဝင်းအပါအဝင်၄ဦးဟာ ထောင်ထဲမှာ ကျဆုံးခဲ့ခြင်းဖြစ်ပြီး ၈ဦးဟာ စစ်ကြောရေးစခန်းမှာ သတ်ဖြတ်ခံရခြင်းဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်တွေအပါအဝင် ပါတီဝင် စုစုပေါင်း (၅၇၃) ဦး ဖမ်းဆီးထိန်းသိမ်း ခံထားရပြီး ပြန်လည် လွတ်မြောက်လာသူ (၁၂၈) ဦးရှိပါတယ်။