စစ်ဆင်ရေး ၁၀၂၇ မှာ BPLA စစ်ကြောင်းတွေ ပါဝင်တိုက်ခိုက်

အောက်တိုဘာ ၊ ၂၇
 
မြောက်ပိုင်းသုံးဖွဲ့လို့ လူသိများတဲ့ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)နဲ့ ရခိုင့်တပ်တော် (AA) တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကြောင်း နှစ်ကြောင်းနဲ့ ပါဝင်တိုက်ခိုက်နေတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA )တာဝန်ရှိသူတဦးထံက သိရပါတယ်။
 
“ ကျွန်တော်တို့တပ်ဖွဲ့တွေကတော့ ကွမ်းလုံ၊ ဟိုပန်နဲ့ ချင်းရွှေဟော် ဒေသတဝိုက်မှာ အဓိက လှုပ်ရှားနေပါတယ် “ လို့ အဲဒီအဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောပါတယ်။
 
ကဗျာဆရာ မောင်ဆောင်းခရဲ့ ဦးဆောင်မူနဲ့အတူ ကျောင်းသားလူငယ်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ BPLA ဟာ အာဏာသိမ်းပြီးနောက် မြောက်ပိုင်းညီနောင်အဖွဲ့နဲ့အတူ ပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာပါ။
 
“ မဟာမိတ်ဘက်က ကျွန်တော်တို့ကို တရားဝင်သတင်းထုတ်ပြန်ခွင့် မပေးထားသေးတာမလို့ လက်ရှိမှာ အကန့်အသတ်နဲ့ပဲ ဖြေလို့ရပါတယ် “ လို့ ကိုလင်းလင်းက ဆိုပါတယ်။
 
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ တားမိုးညဲ၊ မူဆယ်၊ ကွမ်းလုံ၊ ချင်းရွှေဟော် နဲ့ လောက်ကိုင် အပါအဝင် ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
 
အဲဒီထိုးစစ်ကို အောက်တိုဘာလ ၂၇ ရက်မှာ စတင်လို့ Opreation 1027 လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က အမည်ပေးထားပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် အင်အားသုံးစစ်ဆင်တာ၊ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တာတွေကနေ ကာကွယ်ဖို့နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းဖို့ စစ်ဆင်ရေး စတင်လိုက်တယ်လို့လည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က ကြေညာထားပါတယ်။
 
ညီနောင်မဟာမိတ်တွေရဲ့ တပြိုင်တည်းထိုးစစ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးတာရှိသလို မြို့အဝင်ဂိတ်တွေနဲ့ စစ်တပ်ကုန်းတွေကို သိမ်းပိုက်ခံရတာလည်း ရှိပါတယ်။
 
ညီနောင်သုံးဖွဲ့နဲ့အတူ မဟာမိတ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် ဗမာပြည်မြောက်ပိုင်း စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေ ရပ်ဆိုင်းသွားနိုင်တယ်လို့ ဝါရင့်နိုင်ငံရေး၊ စစ်ရေးနဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုပါတယ်။
 
“ မူဆယ်-မန္တလေး လမ်းကြောင်းတခုလုံးကို ပိတ်ပင်ထားရတယ်။ လားရှိုးလေဆိပ်တောင် ပိတ်ထားရတယ်ဆိုတော့ စစ်ကောင်စီက ရှေ့လျှောက် ကြီးမားနက်ရှိုင်းတဲ့ စစ်ရေးထိုးနက်မှုတွေကို ရင်ဆိုင်ရမယ် “ လို့ သူကဆိုပါတယ်။
 
ဓာတ်ပုံ – BPLA