အောက်တိုဘာ၊ ၁၆
မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ အရေးယူ ပိတ်ဆို့ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်မှု လုံးဝ မရှိခဲ့ကြောင်း ရုရှားက ငြင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အမေရိကန် အစိုးရက မြောက်ကိုရီးယားဟာ ရုရှားအတွက် ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ အများအပြား တင်ပို့ခဲ့ကြောင်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။ မကြာသေးခင် သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားဆီက ကွန်တိန်နာ ထောင်ဂဏန်းလောက်နဲ့ ထည့်သွင်းထားတဲ့ စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေဟာ ရုရှားဆီ ရောက်ရှိခဲ့တယ်လို့ အိမ်ဖြူတော်က အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ အောက်တိုဘာ ၁၅ ရက်မှာတော့ ရုရှားရဲ့ ထိပ်တန်း သံအရာရှိ တဦးက ရုရှားဟာ မြောက်ကိုရီးယားကို အကြောင်းပြုပြီး လုံခြုံရေး ညီလာခံ ဆုံးဖြတ်ချက်တွေကို လုံးဝ မချိုးဖောက်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ တိုက်ချင်းပစ် ဒုံးကျည် နည်းပညာ စမ်းသပ်မှုတွေကြောင့် လုံခြုံရေးကောင်စီ အရေးယူ ပိတ်ဆို့မှုတွေကို ခံထားရပြီး မြောက်ကိုရီးယားနဲ့ လက်နက် အရောင်းအဝယ်လုပ်မှု မှန်သမျှကို ကုလသမဂ္ဂက ပိတ်ပင်ထားပါတယ်။
ကိုရီးယား ကျွန်းဆွယ်ဆိုင်ရာ အရေးကိစ္စတွေကို တာဝန်ယူ ကိုင်တွယ်တဲ့ ရုရှား သံအမတ်ကြီး အိုလက်ဂ် ဘာမစ်စတော့ဗ်က ရုရှားဟာ ကမ္ဘာ့ အသိုက်အဝန်းရဲ့ အဖွဲ့ဝင်နိုင်ငံ တခုအဖြစ် တာဝန်ကျေပြွန်စွာ ရပ်တည်နေကြောင်း၊ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ သဘောတူညီမှု ကတိကဝတ်တွေကိုလည်း လေးစား လိုက်နာနေဆဲဖြစ်ကြောင်း RIAနဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။
တချိန်တည်းမှာပဲ ရုရှားဟာ မြောက်ကိုရီးယားအပေါ် နောက်ထပ် အရေးယူ ပိတ်ဆို့မှုတွေ တိုးမြှင့်မယ့် အဆိုပြုချက် မှန်သမျှကို ကန့်ကွက်မယ်လို့လည်း သူက ဆိုပါတယ်။ သူက မြောက်ကိုရီးယားဆီက လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေကို ရုရှားက တင်သွင်း ဝယ်ယူနေတယ်ဆိုတဲ့ အမေရိကန် စွပ်စွဲချက်ကိုတော့ တိတိကျကျ တုံ့ပြန် မှတ်ချက်ပေးတာမျိုး မရှိခဲ့ပါဘူး။
စက်တင်ဘာလတုန်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ရှားရှားပါးပါး ပြည်ပ ခရီးစဉ်အဖြစ် ရုရှားနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့ပြီး သမ္မတ ဗလာဒီမာ ပူတင်အပြင် ရုရှားထိပ်တန်း အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ခရီးစဉ်မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ လက်မှတ်ရေးထိုးတာတွေ မရှိခဲ့ဘူးလို့ ရုရှားက ထုတ်ပြန်ပေမယ့် အမေရိကန်ကတော့ ပူတင်ဟာ မြောက်ကိုရီးယားဆီက စစ်လက်နက်တွေ ဝယ်ယူနိုင်ရေးကိစ္စ ကင်နဲ့ ဆွေးနွေးခဲ့တာ ဖြစ်မယ်လို့ အခိုင်အမာ ယူဆထားပါတယ်။
Ref: Reuters