အောက်တိုဘာ ၊ ၁၅
မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ပခန်းကြီးကျေးရွာမှာစစ်ကောင်စီလက်အောက်ခံ ရဲတပ်သားနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းဆီးရာ ပြန်လည်ခုခံလို့ ပစ်ခတ်ရာမှ ရဲဒုတပ်ကြပ်တဦး သေဆုံးခဲ့တယ်လို့တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။
“ ကျွန်တော်တို့က သတင်းရလို့ပေါ့။ စစ်သုံ့ပန့်ဥပဒေနဲ့အညီ သွားဖမ်းတာ။အဲ့ချိန်သူတို့က ပြန်ပြီး ခုခံတာပေါ့ ‘’ လို့ ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူ တဦးကဆိုပါတယ်။
ပခန်းကြီး ကျောင်းတော်အနီးမှာရှိတဲ့ ဘီယာဆိုင်က ထွက်လာတဲ့ ပခန်းကြီးရဲစခန်းက ရဲဒုတပ်ကြပ်နိုင်လင်းနဲ့ရဲတပ်သားတဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက အောက်တိုဘာ ၁၄ ရက်၊ မနေ့က နေ့လယ် ၃ နာရီခွဲခန့်မှာ သွားရောက်ဖမ်းဆီးခဲ့တာပါ။
အဲဒီလို ဖမ်းဆီးချိန်ပြည်လည်ခုခံလို့ ပြည်သူ့ကာကွယ်တပ်တွေက ပစ်ခတ်တဲ့အတွက် ပခန်းကြီး ရဲစခန်းက ရဲဒုတပ်ကြပ်နိုင်လင်း နေရာမှာတင်သေဆုံးခဲ့ပြီးကျန်တဦးကတော့ ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်သွားကာ ဆိုင်ကယ်တစီး၊ဖုန်းတလုံး၊ ဓားတချောင်းသိမ်းဆည်းရမိတယ်လိုသိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ပခန်းကြီး ရဲစခန်းက စစ်သားတွေနဲ့ရဲတွေက အဲဒီနေ့ ညနေပိုင်းမှာပဲ လာရောက် ကောက်ယူသွားတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်ကလည်း ရေစကြိုမြို့မ ရဲစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။
လက်ရှိမှာလည်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာရှိတဲ့ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်း က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်ကစပြီး စစ်ကြောင်းထိုးမီးရှို့နေလို့ ဒေသခံထောင်ချီ ဒီနေ့ထိစစ်ဘေးရှောင်နေရတာပါ။