အောက်တိုဘာ ၊ ၁၄
အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ အစ္စရေးက ညွှန်ကြားလိုက်တဲ့နောက် ဂါဇာ ကမ်းမြှောင်ဒေသ မြောက်ပိုင်းက ထောင်သောင်းချီ များပြားတဲ့ ပါလက်စတိုင်းတွေဟာ နေရပ်ကို စွန့်ခွာပြီး တောင်ပိုင်းကို အမြန်ဆုံး ထွက်ပြေးနေကြပါတယ်။
အောက်တိုဘာ ၁၃ ရက်မှာ အစ္စရေးက ဂါဇာမြောက်ပိုင်းက အရပ်သား ပြည်သူအားလုံး ၂၄ နာရီအတွင်း ထွက်ခွာကြဖို့ ညွှန်ကြားချက်တွေကို ကြေညာခဲ့သလို လေယာဉ်ပေါ်ကနေ လက်ကမ်းစာစောင်တွေ ကြဲချခဲ့ပါတယ်။ တချိန်တည်းမှာလည်း ဂါဇာမြောက်ပိုင်း နယ်နိမိတ်နားမှာ အစ္စရေး တိုက်ခိုက်ရေး တပ်တွေ အင်အား အလုံးအရင်း စုစည်းနေကြပြီး ထိုးစစ်အတွက် ပြင်ဆင်နေပါတယ်။
အောက်တိုဘာ ၇ ရက်က ဂါဇာ အခြေစိုက် ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်ရဲ့ နယ်ကျော် တိုက်ခိုက်မှုကြောင့် အစ္စရေးပြည်သူ ထောင်နဲ့ချီ သေဆုံးခဲ့တဲ့နောက် အစ္စရေး စစ်တပ်ဟာ ဟားမားစ် စစ်စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲနေသလို မြေပြင်ထိုးစစ် စတင်ဖို့လည်း စိုင်းပြင်းနေတာ ဖြစ်ပါတယ်။
အစ္စရေးက အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ ညွှန်ကြားထားတဲ့ နယ်မြေတွေထဲမှာ ဂါဇာဒေသရဲ့ မြို့တော် ဂါဇာစီးတီးလည်း ပါဝင်ပါတယ်။ အစ္စရေးက ဂါဇာတောင်ပိုင်း နယ်မြေတွေဆီ ရွှေ့ပြောင်းဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတဲ့ ဒေသတွေမှာ နေထိုင်သူ ပါလက်စတိုင်း ဦးရေက ၁.၁ သန်းလောက်ရှိပြီး အဲဒီလောက် များပြားတဲ့ အရေအတွက်ကို ရွှေ့ပြောင်းဖို့ ၂၄ နာရီပဲ အချိန်ပေးတယ်ဆိုတာ လုံးဝ လက်တွေ့ မကျဘူးလို့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ဝေဖန်ပါတယ်။
အစ္စရေးဟာ ဟားမားစ်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက် နှိမ်နင်းဖို့အတွက် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တဲ့အတွက် စစ်ပွဲဇုန် ဖြစ်လာမယ့် ဂါဇာမြောက်ပိုင်းက ပါလက်စတိုင်း ဒေသခံတွေကို ရွှေ့ပြောင်းဖို့ သတ်မှတ်ချိန် ပေးလိုက်တာလို့ ပြောပါတယ်။
ပါလက်စတိုင်း နယ်မြေတခုဖြစ်တဲ့ ဂါဇာဟာ ကျဉ်းမြောင်းတဲ့ ကမ်းရိုးတန်း ဒေသတခုဖြစ်ပြီး စုစုပေါင်း လူဦးရေ ၂.၃ သန်းလောက် နေထိုင်ပါတယ်။ အခုတော့ ဒေသတခုလုံးရဲ့ လူဦးရေ ထက်ဝက်လောက်ကို အရေးပေါ် ရွှေ့ပြောင်းဖို့ အစ္စရေးက ညွှန်ကြားထားတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့က ဂါဇာကနေ မိသားစုလိုက် ခြေလျင်ခရီး၊ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ တသုတ်ချင်းစီ ထွက်ခွာနေတာကို တွေ့ရပါတယ်။ တချို့ ဒေသခံတွေကတော့ လက်ရှိ ပဋိပက္ခမှာ ပြေးစရာမြေ မရှိတော့တာကြောင့် နေရပ်ကနေ စွန့်ခွာတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဂါဇာမှာ အရင်ကတည်းက အိုးမဲ့အိမ်မဲ့ ၄ သိန်းကျော် ရှိနေခဲ့ပြီး စစ်ပွဲကြောင့် အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းရမှုတွေ ပိုမို ဆိုးရွားလာနိုင်ကြောင်း သတိပေး ကြေညာထားပါတယ်။